သေခါနီးမှတရားအားထုတ်ရင် (တောင်ပုလုဆရာတော်ကြီး)
တောင်ပုလုဆရာတော် သက်တော်ထင်ရှားရှိစဉ် အခါတုန်းက ဒကာတစ်ယောက် ကျောင်းကိုရောက်လာရင်း ဆရာတော်အား မေးလျှောက်ပါတယ်။ ဆရာတော်ဘုရား “တပည့်တော်မှာသားရေး၊ သမီးရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေးတွေ လုပ်နေရတော့ မအားဘူး ဘုရား။
ဆရာတော်ရဲ့တရားတွေကလည်း ကောင်းပါတယ်ဘုရား၊ ခလေးတွေကြီးပြင်းပြီး သူ့ဟာနဲ့သူအဆင်ပြေပြေနဲ့ နေနိုင်ကြတော့မှ တပည့်တော်အားမယ်ထင်ပါတယ်ဘုရား
တကယ်လို့ သေခါနီးမှ တရားအားထုတ်ရင် မရဘူးလား ဘုရား ” လို့ မေးတော့
ဆရာတော်က “ အေးကွာ မင်းမှာ မအားဘူးဆိုတော့လည်း၊ ဒါက မင်းသဘောပဲ။အားထုတ်လို့ မရဘူးလို့တော့ မပြောနိုင်ပါဘူး။ ငါပြောတဲ့ ဥပမာလေးကို နားထောင်လိုက်ဦး။ ”
“မင်းတို့အိမ်မှာ မိသားစု နေကြတယ်နော်”
“တန်ပါ့ဘုရား.. မိသားစုနေကြပါတယ်”
“မနက်စာထမင်းကို ဘယ်အချိန်စားကြသလဲ ? ”
“၁၂ နာရီ လောက်မှာ မိသားစုအားလုံး စုပြီးစားကြပါတယ် ”
“ဒါဆိုရင် ၁၂ နာရီ မထိုးခင် အချိန်လေးမှာ ကပ်ပြီး ထမင်းချက်စားကြတာလား ?”
“မဟုတ်ပါဘူး ဘုရား တပည့်တော် အိမ်ရှင်မက မနက် မိုးလင်းတာနဲ့ စားသောက်ဖို့အတွက် မီးဖိုနားမှာ ချွေးတစ်လုံးလုံးနဲ့ ချက်ပြုတ်နေရပါတယ် ဘုရား။ စားခါနီးတောင် ချက်ပြုတ်မပြီးသေးပါ ဘုရား။ စားခါနီးမှ ချက်ပြုတ်စားလို့တော့ မရနိုင်ပါ ဘုရား။ ဟင်းတွေကလည်း မနူးမနပ် ဖြစ်မှာပါ ဘုရား”
“အဲဒီအတိုင်းပဲ တရားဓမ္မကို သေခါနီးမှ ကပ်လုပ်ရင် မနူးမနပ်ဘူးပေါ့၊ တရားဓမ္မဆိုတာအချိန်ရှိတုန်းကပင် လေ့ကျင့်ယူရတယ်၊ နူးနပ်အောင် ကျင့်ကြံအားထုတ်ရတယ် ကွဲ့”
ဒါကြောင့် တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း ကျန်ရှိနေသေးတဲ့ အချိန်ကလေးကို အကျိုးရှိအောင် ကုသိုလ်စိတ်ဖြင့်နေပြီး တစ်ဆင့်ထက်တစ်ဆင့် မြင့်မြတ်သထက် မြင့်
မြတ်အောင် ကျင့်ကြံအားထုတ်ကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း
Crd လွင်မာစိန်