Knowledge Sharing ဗဟုသုတ

ဗိုလ်ချုပ်မွေးနေ့ ထူးထူးထူးခြားခြား အမှတ်တရလေးတစ်ခု

ဗိုလ်ချုပ် မွေးနေ့ အမှတ်တရ

ဗိုလ်ချုပ် အသက် ၄ နှစ်သား အရွယ်က အဖြစ်အပျက်ကလေး တစ်ရပ်။

တစ်နေ့တွင် တောမှ စပါးဝယ်သူများရောက်လာ၍ မိခင်က “ကဲ… မင်းတို့ လိုချင်ရင်လည်း ယူသွားကြတာပေါ့။ ငါဝယ်တုန်းက (၆၀) စျေး ဝယ်ထားတာပဲ။ မင်းတို့လိုချင် (၅၀) စျေးထားပေါ့” ဟုပြောဆိုနေခိုက် အိမ်လှေကားနားတွင် ကစားနေသော အောင်ဆန်းလေးကမျက်စောင်းထိုး၍ “အစ်မ…ခင်ဗျား မဟုတ်တာတွေ ပြောရော့မယ်။ ဒီစပါး (၅၀) စျေးနဲ့ ဝယ်ယူထားတာဗျ။ ကျုပ်သိတယ်။ ဟုတ်တာပြောမှ ဥစ္စာပေါတယ်။ လိမ်ပြောတာ မကောင်းဘူး” ဟု ဝင်ရောက်ပြောလိုက် သဖြင့် အနီးရှိ လူများမှာအံ့ဩရယ်မော ကြလေသည်။

ဧည့်သည်များ ပြန်သွားသောအခါ မိခင်က အနားခေါ်ပြီး ပေါင်တွင်းကြောကို လက်နှင့်လိမ်ဆွဲကာ “ဧည့်သည်တွေနဲ့ စကားပြောနေတုန်း.. လူကြီးတွေ ပြောနေတဲ့အထဲ မင်းဘာလို့ ဝင်ပြောရတာလဲ၊ နောက်မပြောနဲ့” ဟု ဆုံးမရာ “အစ်မ လိမ်ပြောတာကိုး” ဟု ဆ​င်ခြေကန်ခဲ့ဖူးလေသည်။

၁၉၅၁ ခု၊ နိုဝင်ဘာလထုတ် သခင်ကိုယ်တော်မှိုင်း တည်းဖြတ်သော “ဗိုလ်ချုပ် အောင်ဆန်းအတ္ထုပ္ပတ္တိ” စာအုပ်မှ ကောက်နှုတ်သည်။

ဓါတ်ပုံ – ဗိုလ်ချုပ် အောင်ဆန်း လန်ဒန်မြို့ရှိအမှတ် (၁၀) ဒေါင်းနင်းလမ်းသို့ ဗြိတိသျဝန်ကြီးချုပ်နှင့် တွေ့ဆုံရန် ရောက်ရှိလာစဉ်(၁၉၄၇ ခု၊ ဇန်နဝါရီ ၁၃ ရက်)