International News Sport news

အက်သလက်တီကိုအတွက် ချိုမြိန်သောအောင်မြင်မှုတွေနဲ့အတူပါလာသော ဝမ်းနည်းဖြစ်ရပ်ဆိုး

အက်သလက်တီကို မက်ဒရစ်အသင်းဟာ ယမန်နေ့ ညက လာလီဂါ ရဲ့ နောက်ဆုံးပိတ် ပွဲစဉ်မှာ ရီးရဲ ဗယ်လာဒိုးလစ် အသင်းကို အဝေးကွင်းမှာ အနိုင် ကစားပြီး အမှတ်ပေး ချန်ပီယံဆုကို ရယူ သိမ်းပိုက် နိုင်ခဲ့ပါတယ်။

အက်သလက်တီကိုတို့ဟာ လာလီဂါရာသီပိတ်ပွဲစဉ် (၃၈)တွင် ဗယ်လာဒိုးလစ်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ရမှတ် (၈၆)မှတ်ဖြင့် ၂၀၂၀-၂၁ ရာသီ လာလီဂါအမှတ်ပေးချန်ပီယံဆုကိုရယူနိုင်ခဲ့ တာဖြစ်ပြီး၊

အက်သလက်တီကိုအသင်းဟာ ချန်ပီယံဆုအတွက် မြို့ခံပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းနှင့် နောက်ဆုံးပွဲစဉ်အထိယှဉ်ပြိုင်ခဲ့ရပြီး ရီးရဲလ်အသင်းမှာ ဗီလာရီးရဲလ်အသင်းကို အိမ်ကွင်းတွင် (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့သော်လည်း

အက်သလက်တီကိုအသင်းက ယခုပွဲမတိုင်မီကွာခြားချက်အတိုင်း ရမှတ် (၂)မှတ်အသာရကာ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။

အက်သလက်တီကိုအသင်းဟာ အသင်းသမိုင်းတစ်လျှောက် လာလီဂါအမှတ်ပေးချန်ပီယံဆုကို (၁၁)ကြိမ်မြောက်ရယူနိုင်ခဲ့တာဖြစ်ပြီး ၂၀၁၃-၁၄ ရာသီနောက်ပိုင်းတစ်ကျော့ပြန်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီဟာ နည်းပြဘဝတွင် ဒုတိယအကြိမ်မြောက်လာလီဂါအမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပြီး အက်သလက်တီကိုအသင်းနှင့်အတူရရှိခဲ့တဲ့ (၈)လုံးမြောက်ဆုဖလားလည်းဖြစ်ခဲ့ပါတယ်။

လာလီဂါ ဘောလုံး အဖွဲ့ချုပ်ဟာ အက်သလက်တီကို မက်ဒရစ် ကို ဒီကနေ့ မှာ ချန်ပီယံ ဖလား ပေးအပ်မှာ ဖြစ်တယ်လို့ သိရပါတယ် ။

ဒါပေမယ့် ကလပ် အသင်း ဘက်ကတော့ ကိုဗစ် စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာတဲ့ အနေနဲ့ မက်ဒရစ် ရင်ပြင်မှာ ဖလားအောင်ပွဲခံ အခမ်းအနားကို ပြုလုပ်သွားမှာ မဟုတ်ဘဲ မြို့တွင်း လှည့်လည် ရာမှာလည်း ပရိသတ်တွေကို မိမိ ကားအတွင်းကနေသာ လိုက်ပါပေးဖို့ တောင်းဆို ထားတယ်လို့ သိရပါတယ်။

အေတီကို ပရိသတ်တွေ ဟာ မနေ့ညက ကွင်းထဲ ဝင်ရောက်ခွင့် မရခဲ့ကြပေမယ့် ကွင်းအပြင် ကနေ ရလဒ်ကို စောင့်ဆိုင်း ခဲ့ကြပြီး ပွဲအပြီးမှာ အောင်ပွဲခံခဲ့ ကြပါတယ်။

အေတီကို ကစားသမားတွေ ကလည်း ပွဲအပြီး မှာ ကွင်းအပြင်ကို ထွက်လာကာ ပရိသတ်တွေနဲ့ အတူ ပျော်ရွှင်စွာ အောင်ပွဲ ခံခဲ့ကြတယ်လို့ သိရပါတယ်။

ပျော်ရွှင်မှုတွေပြည့်နေတဲ့ ညနေခင်းမှာ ဝမ်းနည်းစရာ အဖြစ်အပျက်တစ်ခုလည်း ဖြစ်သွားခဲ့ပါတယ်။

အဲဒါကတော့ အသက် ၁၄ နှစ် အရွယ် အက်သလက်တီကို မက်ဒရစ် ပရိသတ်လေး တစ်ယောက် သေဆုံး ခဲ့ရတာပါပဲ။

လူငယ်တွေ စုပေါင်း စီးနင်းလာတဲ့ ဗင်ကားဟာ အက်သလက်တီကို မက်ဒရစ် ကို အားပေးဖို့ အတွက် ဗယ်လာဒိုးလစ် ကွင်းရဲ့ ကားပါကင် ထဲကို ဝင်ရောက် လာချိန်မှာ လမ်းဘေး အတားအဆီးတွေကို ဝင်တိုက်မိ ခဲ့ပြီး ပါကင် အဝမှာ ထပ်မံ တိုက်မိခဲ့တာပဲ ဖြစ်ပါတယ်။

ကွယ်လွန်သူ ကောင်လေးဟာ ကားပြတင်းပေါက် ကနေ ကိုယ်တစ်ခြမ်းအထိ ထွက်ကာ စီးနင်းလာသူ ဖြစ်ပြီး ဦးခေါင်းကို ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိ ခဲ့တာပဲ ဖြစ် ပါတယ်။

လူငယ်လေး ဟာ ဗယ်လာဒိုးလစ် ကွင်းအဝင် က ကားပါကင်ဝင်ပေါက် ကို ခေါင်းနဲ့ တိုက်မိ ခဲ့တာ ဖြစ်ပြီး ဆေးရုံကို ခေါ်ဆောင် သွားပေမယ့် အသက်မမီခဲ့ဘူးလို့ သိရပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကလပ် အသင်းတွေ ဘက်က ထုတ်ပြန်ခြင်း မပြုလုပ်သေးသလို ဖလား အောင်ပွဲခံ အခမ်းအနားမှာလည်း ဝမ်းနည်းဖွယ် အထိမ်းအမှတ်စကား ထည့်သွင်းပြောမှာလား ဆိုတာ မသေချာသေးပါဘူး။ လူငယ်တွေအနေနဲ့ အပျော်ကနေ အပျက် မဖြစ်ဖို့ သတိထားသင့်ပါတယ်။

Crd