ရခိုင်လူမျိုး၏အမှတ်အသားသဇင်
သဇင်ပန်းမှာ ရခိုင်လူမျိုးတို့ အထွတ်အမြတ်ထားသည့် ပန်းဖြစ်သလို စံပြုထားခြင်းခံရသော ပန်းလည်းဖြစ်သည်။
ရခိုင်ပြည်နယ်၏ အလံ၊ အမှတ်တံဆိပ်နှင့် ရိုးရာဝတ်စုံတို့တွင် သဇင်ပန်းကို အသုံးပြုထားကြသည်။ ရှေးရခိုင်မင်းများ လက်ထက်၌လည်းငွေဒင်္ဂါးများတွင်သဇင်ပန်း အသုံးပြုခဲ့သည်ကို သိရှိရသည်။
ရခိုင်ပြည်နယ်ရှိ တောတောင်စိမ့်စမ်းများ၏ မြင့်မားသော သစ်ပင်ကြီးများအပေါ် သဘာဝပေါက် သည့် ပန်းတစ်မျိုးဖြစ်သည်။ ရခိုင်လူမျိုးတို့ သဇင်ပန်း ကို အမှီပြု၍ အမြင့်မြတ်ဆုံး စကားလုံးတို့ကို သုံးစွဲရာတွင် သဇင်ပန်းကို ဥပမာပြု၍ တင်စားသုံးစွဲသည်။
‘သဇင်ပန်းခိုင်၊ တမြိုင်မြိုင်၊ ရခိုင်ဘုရားပေါင်း’ဆိုပြီး ရခိုင်ပြည်နယ်ရှိ ဘုရား၊ ပုထိုး စုစုပေါင်းအရေအတွက်ကို မြတ်သောသဇင်ပန်းနှင့် စာချိုးထားကြခြင်းဖြစ်သည်။
ရခိုင်ရိုးမတောင်တန်းရှိ မြင့်မားသော သစ်ပင်ကြီးများပေါ်၌ ပေါက်ရောက်၍ ရခိုင်လူမျိုးတို့က သန့်စင်ပန်း ဟူ၍လည်း ခေါ်ကြသည်။ သဇင်ပန်း၌ သန့်ရှင်း ဖြူစင်သော အနားရစ်ရှိပြီး သန့်ရှင်း ဖြူစင်သည်။
ပွင့်ဖတ်အလယ်တွင် ဝါဝင်း၍ ရွှေရောင်ရှိသော ဝတ်ဆံ နှစ်ခုရှိသည်။ ဖြူစင်သော သီလအရောင်၊ ဝါဝင်းသော ဝတ်ဆံအရောင်တို့မှာ ဗုဒ္ဓ၏ သင်္ကန်းရောင်ကို ဆောင်နေပြီး မွှေးလည်းမွှေးကြိုင်သည်။
‘သဇင်ပေါ်စ နတ်တော်လ၊ သဇင်လည်းပွဲ တပို့တွဲ’ရခိုင်ဆိုရိုးအတိုင်း သဇင်ပန်းသည် နတ်တော်လ တွင်ပွင့်ပြီး တပို့တွဲလတွင် သဇင်ပန်းကို မတွေ့ရှိရတော့ပေ။
သဇင်ပန်းသည် ရှေးရခိုင်မင်းများ လက်ထက်တွင် မြို့ဝန်များမှ နှစ်စဉ်ဆက်သရသော မင်းဘဏ္ဍာဖြစ် ခဲ့၏။ ဆောင်းရာသီဖြစ်သော နတ်တော်၊ ပြာသိုလတို့၌ လှိုင်လှိုင်ပွင့်သလို တစ်နှစ်တစ်ခါသာ ပွင့်သည်။ သဇင်ဖြူ။ သဇင်ဝါ၊ သဇင်နီ၊ သဇင်နက် ဆိုပြီး အရောင်လေးမျိုး ရှိသည်။
သဇင်ပန်းကို ဘုရင်၏မိဖုရားများက ဦးဦးဖျားဖျား ပန်ခွင့်ရသောကြောင့် တော်ဝင်ပန်းဟု ဆိုကြသလို နတ်တော်လ၌ ပွင့်၍ အမြတ်တနိုးထားကြသဖြင့် နတ်ပန်းဟုလည်း ခေါ်ဆိုကြသည်။ ပင်မြင့်တွင်ပွင့်ပြီး သန့်ရှင်းမှုရှိ၍ သန့်စင်ပန်းဟုလည်း ခေါ်၏။ ထီးသုံး၊ နန်းသုံး ဂုဏ်သရေအရှိဆုံး ပန်းဖြစ်၍ တော်ဝင်ပန်း (သို့မဟုတ်) နန်းထိုက်သည့် ပန်းသဇင် ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။
ရခိုင်အမျိုးသမီးတို့၏ အမည်နာမမှည့်ခေါ်ရာ၌ သဇင်ဆိုသည့် နာမည်ကိုလည်းကောင်း၊ ရခိုင်ရိုးရာ ဝတ်စားဆင်ယင်မှုတို့၌ သဇင်ပန်းအား ခေါင်းဆံမြီးတွင် ပန်ဆင်၍လည်းကောင်း ရခိုင်အမျိုးသမီးတို့၏ အလှ ကို ဖော်ကျူးကြသည်။
သဇင်ပန်း၊ သဇင်ဥသည် ဆေးဖက်ဝင်၏။ ဆေးဆရာ၊ ဇီဝကတို့ တိုင်းရင်းဆေး ဖော်စပ်ရာ၌ အလွန်စွမ်းသော သဇင်နီနှင့် သဇင်နက် တို့ကို ရှာဖွေ၍ ဆေးဖော်စပ်ကြသည်။
သဇင်ဥအား အမှုန့်ကြိတ်ပြီး နွယ်ချိုမှုန့်တို့နှင့် ဆတူအချိုးကျ ရောစပ်၍ တိုက်ကျွေးလျှင် အစာအိမ်နှင့်ပတ်သက် သော ရောဂါများ ပျောက်ကင်းသည်။ သဇင်ပန်းအဝါကို ရှူပေးလျှင် မူးမော်ခြင်း၊ နလုံးမကြည်လင် သွေးဆူ ခြင်းများကို ပျောက်ကင်းစေသည်။
ယခုအချိန်တွင် သဇင်ပန်းကို ဘွဲ့နှင်းသဘင်ကဲ့သို့ သော အခမ်းအနားတို့တွင် ပန်ဆင်လာကြ၍ ရခိုင်ပြည်နယ်၌ စီးပွားဖြစ် စိုက်ပျိုးလာကြသည်ကို တွေ့မြင်နေရသည်။ သဇင်ဥသည် အစိမ်းရောင်ရှိပြီး သဇင်ဥများအား ရေသောက်မြစ်ရှိသော အပင်များ၌ တွယ်ကပ်စိုက်ခြင်း၊ အုန်းခွံ အုန်းဆံများပတ်၍ စိုက်ခြင်း စသည်ဖြင့် နည်းမျိုးစုံ စိုက်ပျိုးကြကြောင်း သိရသည်။
credit