ဗဟုသုတ

ယုံကြည် သူတွေကြား မင်းသမီး ဖြစ်လိုက်၊ ဥစ္စာစောင့် ဖြစ်လိုက်၊ သိုက်နန်းရှင် ဖြစ်လိုက်၊ သီလရှင် ဖြစ်လိုက် နဲ့ အမေတော် မြနန်းနွယ် ရဲ့ ဇာတ်ကြောင်း

ယုံကြည် သူတွေကြား မင်းသမီး ဖြစ်လိုက်၊ ဥစ္စာစောင့် ဖြစ်လိုက်၊ သိုက်နန်းရှင် ဖြစ်လိုက်၊ သီလရှင် ဖြစ်လိုက် နဲ့ အမေတော် မြနန်းနွယ် ရဲ့ ဇာတ်ကြောင်း အမှန်မြနန်းနွယ် ဟာ ၁၉၀၆ ခုနှစ် မှာ မွေးတာဖြ စ် ပါတယ် ။ ယခုရှိ ဆိုရင် ၁၁၁ နှစ် ရှိရော့ပေါ့ ။ ဦးသန့် က ၁၉၀၉ ခုနှစ်မှာ မွေးတာဖြစ် ပါတယ် ။မြနန်းနွယ်ထက် ဦးသန့်က ၃ နှစ်ပင်ငယ် ပါသေး တယ် ။ နောက်ပြီး ၁၉၁၅ မွေး တဲ့ ဗိုလ်ချုပ်အောင်ဆန်း တို့၊ စာရေးဆရာမ ဒေါ်ခင်မျိုးချစ် တို့ ဟာမြနန်းနွယ် အောက် ၉ နှစ်လောက် ငယ်ကြ ပါသေး တယ် ။မြနန်းနွယ်မွေး တဲ့ အချိန်ဟာ အင်္ဂလိပ် လက်အောက်က ရုန်းထကြဖို့၊ လွတ် လပ်ကြဖို့ လူငယ်တွေ အသိအမြင်၊မျိုးချစ်စိတ် တွေ ပေါက်ဖွား ရှင်သန်လာကြတဲ့ အချိန်ဖြစ်ပါတယ်။ အခုရေးပြတဲ့ အကြောင်းဟာ အောင်ဆုရှင် (သာကီဝင်)ဆိုတဲ့ စာအုပ်ထဲက မြနန်းနွယ်ရဲ့ အကြောင်း ဖြစ်ပါတယ်။ စာရေးဆရာ အောင်ဆုရှင် အဘဦးအောင်ဆု နဲ့တွေ့ပြီးမြနန်းနွယ် အကြောင်း မေးမြန်းစပ်စု ထားတာဖြစ် ပါတယ်။

မြနန်းနွယ်ဟာ စော်ဘွားမျိုးဆက်၊ သူမ ၏ အဖေ အမေတွေက မိုးကုတ်ကျောက်တွင်း ပိုင်တွေ၊ သူမမွေးပြီးနောက် မိဘတွေ မှာ ကျောက်တွင်း က ကျောက်အောင်ပြီး စီးပွားတွေ တရိပ်ရိပ်တက်လာ လို့ သူတို့၏ သမီး မြနန်းနွယ် အလိုကျ လိုက်လျောပေးခဲ့ကြတာ ဖြစ် ပါတယ် ။မြနန်းနွယ်ဟာ အသက် ၁၅ နှစ် မှာ အိန္ဒိယနိုင်ငံ ကို တက္ကသိုလ် ပညာ ဆည်းပူးခဲ့ပါတယ်။၁၉၂၆ မှာအိန္ဒိယနိုင်ငံက ဝိဇ္ဇာဘွဲ့ယူပြီး မြန်မာနိုင်ငံကို ပြန်လာပါတယ်။မိုးကုတ်တစ်မြို့လုံး ဂုဏ်သရေရှိ အမျိုးသားတွေက မြနန်းနွယ်ကို လက်ထပ် လိုကြပေမဲ့ အားလုံးကို ငြင်းဆန်၍ အပျိုကြီးပဲ လုပ်၍ နေခဲ့တယ်။မြနန်းနွယ်ဟာ ငယ်ငယ်ကတည်းက အသားမစားပါဘူးတဲ့ ။ နွားနို့တော့ သောက်တယ် ။ ၁၉၄၁ ဒုတိယကမ္ဘာစစ်ဖြစ်ခါနီး တော့ မြနန်းနွယ်ဟာ ၃၅ နှစ်အပျိုကြီး ဖြစ်နေပါပြီ။အိမ်မက်ထဲမှာ ဝတ်ဖြူ စင်ကြယ် အဘိုး တစ်ဦးကမြနန်းနွယ်ကို ရန်ကုန်ပြောင်းဖို့ ၊သာသနာပြု့ဖို့အချိန်တန်ပြီ လို့ အိမ်မက်ပေးသတဲ့။ ရန်ကုန်ပြောင်းတယ်။ ဗိုလ်တစ်ထောင် ဘုရားလမ်း မှာ အိမ်တစ်လုံးဝယ်တယ်။စာတိုက်နဲ့ ကပ်လျှက်။ညနေတိုင်း ကိုယ်ပိုင်ရထား လုံးနဲ့ ဗိုလ်တစ်ထောင် ဘုရားကြီးကို လာတယ်။အစိမ်းရောင် ဝတ်စုံဝတ်တယ်။ရုပ်ရုည်က ပြေပြစ်လှပလွန်းတော့ အများကမြစိမ်းရောင် မင်းသမီးလေးလို့ တင်စားခေါ်ကြတယ်။

အိမ်မက်ထဲ ဘဝဟောင်း က ညီမတစ်တွေ က မြန်မာပြည် အရပ်ရပ် စေတီပုထိုးတွေ ပြု့ပြင်ရအောင်လို့ခေါ်ပါတယ် ။တစ်နိုင်ငံလုံး လှည့် ၍ ဘုရားပြင် ကျောင်းဆောက် လုပ်ခဲ့တယ်။ မိဘတွေက ချမ်းသာတော့ သမီး စိတ်ကြိုက် လှူတာ တန်းကို ကြည်ဖြူ စွာပဲ ခွင့်ပြု ခဲ့တယ်။ ၁၉၄၅ စစ်ဘေး ဒဏ်ကြောင့် ဗိုလ်တစ်ထောင်ဘုရားကြီး ပျက်စီးပါတယ်။မြနန်းနွယ် အကြီးအကျယ် ဝမ်းနည်း ပါတယ်။ အဲဒီမှာပဲ ဆုတောင်းပါတယ် ။ ဗိုလ်တစ်ထောင်ဘုရားကြီး ပြု ပြင်ရန် အများဆုံး မတည်ဒါန ပြု နိုင်သော အလှူအမ ဖြစ်ရပါလို၏ တဲ့။ မင်းတုန်းမင်းကြီး တစ်ချိန်က ကိုးကွယ် ခဲ့တဲ့ နန်းဦးဆင်းတုတော်ကို ဗြိတိသျှဘုရင်မကြီး အဲလိဇဘတ်ဆီက ပြန်တောင်းတယ်။အဲဒီဆင်းတုတော်ကိုလည်းစေတီပျက်ကတွေ့ရတဲ့ ဆံတော်သုံးဆူနဲ့အတူ အများပြည်သူများကြည်ညိုနိုင်ရန် အ ပူဇော်ခံထားပါတယ်။ ဆာဦးသွင်က ဆံတော် သုံးဆူကို ဋ္ဌာပနာပိတ်ထဲ ထည့်ဖို့ ကန့်ကွက်တာကြောင့် ယခုထိ ဆံတော်ကို အများမျက်မြင် ဖူးတွေ့နေရခြင်း ဖြစ်ပါတယ်။၁၉၅၅ ခုနောက်ပိုင်း မြနန်းနွယ်အနေနဲ့ ဗိုလ်တစ်ထောင်ဘုရား ကို ရောက်မလာ ခဲ့ဘူး ။ ၂၇ ရက်ကြာဗုဒ္ဓဂါယာသွားတယ် လို့ ဆိုပါတယ်။ဗုဒ္ဓဂါယာကပြန်လာပြီး ချောင်းဆိုးပန်နာ ဖြစ်၍ မိုးကုတ်ကို ပြန်သွား ပါတယ် ။ ၁၉၅၇ ဖေဖော်ဝါရီလမှာတော့ ချောင်းဆိုးပန်နာရောဂါနဲ့ မြနန်းနွယ် ကွယ်လွန် သွားပါတယ်။

ဒါက မြနန်းနွယ် ၏ ဇာတ်ကြောင်းပါ။၁၉၉၀ ခု မှာတော့ အခု မြနန်းနွယ်ဘဝ အကြောင်းကို ရေးသားသူ ဆရာဦးအောင်ဆုက မြနန်းနွယ် ရုပ်ထုကို တိတ်တဆိတ် ထုလုပ်စေခဲ့တာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ အလှူရှင်မတစ်ယောက်အနေနဲ့ သူမလှူခဲ့တဲ့ ဗိုလ်တစ်ထောင်ဘုရားကို ကြည်ညိုစွာ ဖူးမြော်နေတဲ့ ပုံကလေးပေါ့။ရုပ်ထု ထုပြီးတော့ ဘုရားဝန်းထဲထားဖို့ သြဝါဒစရိယ ဆရာတော် ကိုးပါးကို လျှောက်ထားပြီး ခွင့်ပြု့ချက် ယူခဲ့ရတာ ဖြစ်ပါတယ်။ မြနန်းနွယ်ဟာ ၁၉၀၆ ခုနှစ်မှာ မွေးတာဖြစ်ပါတယ်။ယခုရှိဆိုရင် ၁၁၁ နှစ်ရှိရော့ပေါ့။အဲဒီ ရုပ်ထု ထုပြီးနောက်တော့ မိုးကုတ်မြို့က သူမ၏ ဆွေတော် မျိုးတော်တွေ ကို အိမ်မက်ပေး ပါသတဲ့ ။ ဗိုလ်တစ်ထောင်ဘုရား ကို လာပြီး လှူတန်းကြဖို့။အမျိုးတွေလည်း လာလှူကြတယ်။ အပြန်ကြတော့မိုးကုတ်က ကျောက်တွင်းတွေ အောင်ကြတယ်။ အဲဒီကစပြီး တစ်ယောက်စ နှစ်ယောက်စနဲ့ အမတော်မြနန်းနွယ် ဆိုပြီး နာမည်ကြီးလာတာပဲ ဖြစ် ပါတယ်။စထုကာစ ရုပ်ထုကတော့ ယောဂီဝတ်စုံ နဲ့ ဆံပင်မပါပဲ ကတုံးပုံ။နောက်ပိုင်း သူမ ဆွေတော်မျိုးတော်တွေကဝတ်စုံတွေယူလာတယ်။ဆံပင်တုတွေ ယူလာတယ်။ သလွန်တွေ ယူလာတယ်။ ဒီလိုနဲ့ နတ်သမီးလိုလို ၊မင်းသမီး လိုလို တွေ ဖြစ်ကုန်တာ။မြနန်းနွယ်ဟာ ဝါတွင်းဆိုရင် သီလရှင် ဝတ်စုံ နဲ့နေတာယခုဆိုရင် ၁၆ ကြိမ်ရှိပြီလို့ ပြောရတော့မှာပါ။ကျန်တဲ့ဝါပ အချိန်တွေတော့ လှလှပပ အစိမ်းရောင် ဝတ်စုံလို အဝတ်အစားနဲ့ နေပါတယ်။ဇာတ်လမ်းကတော့ ဒါပဲ ။

သာသနာပြု ၊ဘုရားတည်ကျောင်းဆောက် တဲ့ အမျိုးသမီး။ အဲဒီမှာ သူမ ဘဝ ကလည်း ဆန်းဆန်းကြယ်ကြယ် ဖြစ်လောက်အောင် ဘဝကုသိုလ်က ကောင်းတော့ အဆင်းကလည်းလှတယ် ။ ပေးနိုင်ကမ်းနိုင် လှူနိုင်တန်းနိုင်သူလည်းဖြစ်တယ် ။ အဲဒီမှာ အထိမ်းအမှတ် ရုပ်ထု ထုလုပ်ပေးတယ်။ နောက်ပိုင်းဆက်ပြီး ဘယ်လို ကနေ ဘယ်လိုအိမ်မက်တွေ၊ အစောင့်ရှောက်တွေနဲ့ မြနန်းနွယ်ဟာ မင်းသမီးလိုလို ၊နတ်လိုလို ဖြစ်သွားရတာလဲ ဆိုတာတော့ မပြောတတ်တော့ဘူး ။မြနန်းနွယ် အကြောင်း ရေးသူ ဆရာအောင်ဆု ကိုယ်တိုင် အတိတ်ဘဝက မြနန်းနွယ် နဲ့ မောင်နှမတော်စပ်တယ်လို့ အိမ်မက်ရပြန် သတဲ့ ။ယုံကြည်သူတို့ အဆိုအရ မြနန်းနွယ်ဆိုတာ သိုက်စောင့်တဲ့ ။ အရိမတ္တေယျ ဘုရားပွင့်ရင် စောင့်နေတဲ့ ပစ္စည်းဥစ္စာတွေ လှူတန်းပြီး သာသနာပြု့ပြမယ် ဆိုပဲ ။ဘယ်လို ပြောရမလဲ ။မြနန်းနွယ်ဆိုတာ လူထဲက လူပါပဲ။ တနည်း သူ့ခေတ်က သာသနာအတွက် သူယုံကြည်သလို သာသနာပြု သွားတဲ့ အမျိုးသမီးတစ်ယောက်ပါပဲ။နှင်းဆီကုန်းဘိုးဘွားရိပ်သာတည်ထောင်သွာ တဲ့ဘွား ဦးဇွန်းတို့လိုပါပဲ ။ဒါကို နောက်အဆက် လူတွေက ဘယ်လို ယုံကြည်မှုတွေနဲ့ ကိုးကွယ်လိုက်ကြသလဲ ။အမတော် အမတော် ဆိုပြီး မြနန်းနွယ်ဟာ အမတော်မြနန်းနွယ်ဖြစ်သွားရပါတယ်။ထူးပေစွ၊ ဆ ရာဦးဖိုးကျား ၏ သုံးဆယ်ခုနှစ်မင်း နတ် ဆိုတဲ့ စာအုပ်မှာ မှော်ဘီဆရာသိန်း က မသေသေးဘူး၊အဲဒါကို သန်လျင်ဘက်မှာ မှော်ဘီဆရာသိန်း နတ်ဆိုပြီးကိုးကွယ်နေကြပြီတဲ့ ။ဘိုဘိုးအောင်တို့၊ဘိုမင်းခေါင်တို့ လည်း တကယ်ရှိခဲ့တဲ့ လူထဲက လူတစ်ယောက်ပါပဲ ။ ဒါပဲ နောက်လူတွေက ဝိဇ္ဇာအရှင် တန်ခိုးတော်အရှင်၊ ထွက်ရပ်ပေါက်အရှင်တွေ ဖြစ်ကုန်အောင် ကိုးကွယ်ပစ်လိုက်ကြတယ် ။သူတို့က ကတိတည်တယ် ၊အောင်မြင်ရင် ကန်တော့ပွဲပေးရမယ် ဆိုရင် ပေးရတယ်။

အခုလည်း မြနန်းနွယ် ဆိုတာ ရုပ်ထုလေး ထားပေးတာက စပြီး ကိုးကွယ်ရာ၊ မစရာ အဖြစ် ယုံကြည်ပြီး သည်းသည်း လှုပ်ကုန်ကြတာ ဖြစ်ပါတယ်။ ရုပ်ကတော့ မရှိဘူး၊ နာမ်ကတော့ ကျန်နေတယ်။ ရုပ်ရှိရင် နာမ်ကပ်တယ်ကွ လို့ ဆိုကြအုံးမယ်။ ဒါကို မယုံကြည်ဘူးပြောရင် ဒါတွေ မင်းမသိဘူး လို့အပြောခံရတယ်။ မစော်ကားနဲ့ လို့ အပြောခံရတယ် ။မြနန်းနွယ်ဟာ လူတစ်ယောက်ပါပဲဗျာ။ ဘယ်လို လုပ် မစပေးမှာတုန်း။ အမှတ်တရ ရုပ်ထုတွေ ထားတာ တော့ မပြောလိုပါဘူး ။အရုပ်ရှိတာနဲ့ အဲဒီအရုပ်ကို လိုချင်တာ တောင်းလို့ရမယ် ဆိုရင်ဘယ်လိုများ တွေးကြည့်ရမလဲ မသိတော့ဘူး။အခုလည်း ဝါတွင်းမှာ မြနန်းနွယ်ရုပ်ထု ကို သီလရှင်ဝတ်ပေးတာ ၁၆ ကြိမ်တောင် ရှိပါပြီတဲ့။ ဒါလည်း မြနန်းနွယ် ဆိုတာက အိမ်မက်ပေးလို့ ဝတ်ကြတာလား။ သက်ရှိလူတွေ အမြင်မှာတော့ရုပ်ထုက သီလရှင်ဝတ်စုံနဲ့ ပုံပေါက်သွားမယ်။ ဝါပဆိုရင် မင်းသီးလေး လို အစိမ်းရောင်ဝတ်စုံ ပြန်ဝတ်ပေးကြမယ် ။အဲဒီဘက်မှာ ရုပ်ထုဘက်ကြည့်ရင် နဲနဲ ကမောက်ကမဖြစ်မေ နဘူးလား ။ အသက်မဲ့တဲ့ ရုပ်တုက သီလ၊သမာဓိ၊ ပညာ ဘယ်လိုလုပ် တည်နိုင်မှာလဲ။ ဗုဒ္ဓက စေတနာသည် ကံလို့ ပြောတယ်။ စေတနာဖြစ်ပေါ်နိုင်ရာ ဇီဝိတိန္ဒြေ မရှိတဲ့ သက်မဲ့ ရုပ်တုက ဘယ်လို စေတနာစိတ်ထားတွေ ပေါ်ပေါက်လာမလဲ။ဆိုတာက ဝါတွင်းကို သီလရှင်ဝတ်ပေးတဲ့ သူတွေအမြင်မှာတော့ မြနန်းနွယ်ရုပ်တုဟာ အသွင်းပြောင်းသွားပါ လိမ့်မယ် ။ မြနန်းနွယ် ရုပ်တုဘက်ကတော့ ဘာမှထူးခြားမှာ မဟုတ်ပါဘူး။အခုလို ပြောလို့ အမတော်မြနန်းနွယ်က ကျနော်ကိုဘာမှ လုပ်မယ်မထင် ပါဘူး ။ သူမက ဘုရားကျောင်ကန်ဆောက်လုပ်လှူတန်း ခဲ့တဲ့ …(စိတ်မဆိုးပါနဲ့ ဒကာမမြနန်းနွယ် )ဦးဇင်းပြု့သမျှ ကုသိုလ်အစုစုကို အမျှပေးပါတယ် ။ရောက်ရာ ဘဝက သာဓု ခေါ်ပါ ဒကာမ မြနန်းနွယ်၊ ယုံကြည်သူတွေအတွက်တော့ မြနန်းနွယ်ဟာ မင်းသမီး ဖြစ်လိုက်၊ ဥစ္စာစောင့်ဖြစ်လိုက်၊ သိုက်နန်းရှင်ဖြစ်လိုက်၊ သီလရှင် ဖြစ်လိုက် ပါ ပဲ ။

(Ashin Thu Mingala)