ဗဟုသုတ ဘာသာရေး

ဗုဒ္ဓဂယာမှာချည်းပဲ ဘာကြောင့် ဘုရားရှင်တို့ပွင့်ကြတာလဲဆိုတော့

ဗုဒ္ဓဂယာမှာချည်းပဲ ဘာကြောင့် ဘုရားရှင်တို့ပွင့်ကြတာလဲ

အိန္ဒိယ လို့ကြားလိုက်တာနဲ့ ပြောလိုက်တာနဲ့ ဘုရားရှင်တိုင်းပွင့်တော်မူခဲ့တဲ့ ဗုဒ္ဓဂယာကိုတော့ ဗုဒ္ဓဘာသာဝင်တိုင်း သတိရကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဘဒ္ဒကမ္ဘာကြီးမှာ ရှေးက ကကုသန်၊ ကောဏာဂုံ၊ကဿပ၊ ဂေါတမ ရယ်လို့ ဘုရားလေးဆူတို့ဟာ မဇ္စျိမဒေသ၊ ဗုဒ္ဓဂယာမြေမြတ်မဟာမှာ ပွင့်တော်မူသွားကြပါပြီ။

ကကုသန်ဘုရားရှင်ဟာ လူတွေရဲ့သက်တမ်း အနှစ်တစ်သိန်းတမ်းမှာ ပွင့်တော်မူခဲ့ပါတယ်။ ကောဏာဂုံဘုရားရှင်ဟာ လူတွေရဲ့သက်တမ်း အနှစ်ငါးသောင်းတမ်းမှာ ပွင့်တော်မူခဲ့ပါတယ်။ ကဿပဘုရားရှင်ဟာ လူတွေရဲ့သက်တမ်း အနှစ် နှစ်သောင်းတမ်းမှာ ပွင့်တော်မူခဲ့ပါတယ်။ ဂေါတမဘုရားရှင်ကတော့ လူတွေရဲ့သက်တမ်း အနှစ်တစ်ရာတမ်းမှာ ပွင့်တော်မူခဲ့ပါတယ်။ ဘဒ္ဒကမ္ဘာမှာ ပွင့်ဖို့ နောက်တစ်ဆူကျန်သေးတဲ့ အရိမေတ္တေယျဘုရားရှင်ဟာလည်း ဗုဒ္ဓဂယာမှာပဲလူတွေရဲ့သက်တမ်း အနှစ်ရှစ်သောင်းတမ်းမှာ ပွင့်တော်မူမှာဖြစ်ပါတယ်။

ကမ္ဘာလောကကြီးမှာ အနန္တစကြာဝဠာတစ်ခုဟာ စူဠလောကဓာတ်တစ်ခုဖြစ်ပါတယ်။ စူဠလော ကဓာတ် တစ်သောင်းဟာ မဇ္စျိမလောကဓာတ်တစ်ခု ဖြစ်ပါတယ်။ မဇ္စျိမလောကဓာတ်ပေါင်း ဆယ်ကုဋေဟာ မဟာလောကဓာတ်ဖြစ်ပါတယ်။

မဟာလောကဓာတ်တစ်ခုရဲ့ အတွင်းမှာ စူဠလောကဓာတ်ပေါင်း ကုဋေတစ်သိန်းရှိပါတယ်။ အဲဒီ မဟာလောကဓာတ်ရဲ့ အတွင်း လူ့ပြည်မှာသာ သစ္စာလေးပါးကိုသိတော်မူတဲ့ဘုရားရှင်တွေဟာ ပွင့်တော်မူကြပါတယ်။

ဘုရားပွင့်တော်မူတဲ့အခါလည်း မဟာလောကဓာတ်ရဲ့အလယ်ဗဟိုတည့်တည့် မဇ္စျိမလောကဓာတ်မှာပဲ ဘုရားရှင်ပွင့်တော်မူပါတယ်။ အခြား မဇ္စျိမလောကဓာတ်မှာ ဘုရားပွင့်တော်မမူလေ့မရှိပါ။ ဘုရားရှင်ပွင့်တော်မူတဲ့ မဇ္စျိမလောကဓာတ်မှာလည်း အလည်ဗဟိုတည့်တည့် စူဠလောကဓာတ်လို့ခေါ်တဲ့ ဗုဒ္ဓဂယာမြေမှာပဲ ဘုရားရှင်တို့ပွင့်တော်မူကြပါတယ်။

အဲဒီလို စူဠလောကဓာတ်မှာ ဘုရားရှင်ပွင့်တော်မူတဲ့အခါလည်း ကျွန်းကြီးလေးကျွန်းရှိတဲ့အနက် ဇမ္ဗုသပြေပင်ပေါက်ရာဖြစ်တဲ့ ဇမ္ဗူဒီပါ လက်ယာ တောင်ကျွန်းမှာသာ ပွင့်တော်မူကြပါတယ်။။ ကျန်တဲ့ကျွန်းသုံးကျွန်းမှာ ဘယ်သောအခါမှ ဘုရားရှင်တို့ ပွင့်တော်မမူကြပါ။

ဘုရားရှင်ပွင့်တော်မူတဲ့အခါလည်း အချိန်ကာလတစ်ခုတည်းမှာ ဘုရားနှစ်ဆူပြိုင်၍ ပွင့်ရိုးထုံးစံဓမ္မတာမရှိပါ။ တစ်ဆူပွင့်ပြီးမှ နောက်တစ်ဆူ ရှေ့ နောက်ပွင့်တော်မူကြပါတယ်။

အဲဒါကြောင့် ဘုရားရှင်က အဂုင်္တ္ထုရ်ပါဠီတော်မှာ ဒီလိုဟောကြားထားပါတယ်။ “အဌာန မေတံဘက္ခိဝေ အနဝကာသော၊ ယံ ဧကိဿာ လောကဓာတုယာဒွေ အရဟန္တော သမ္မာသမ္ဗုဒ္ဓါ အဗုပ္ပံ အစရိမံ ဥပ္ပဇ္ဇေယျုန္တိ၊ နေတံ ဌာနံ ဝဇ္ဇတိ။”ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ဧကိဿလောကဓာတုယာ၊ တစ်သောင်းလောကဓာတ်အတွင်း၌။ အရဟန္တော၊ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော။ ဒွေသမ္မာသမ္ဗုဒ္ဓါ နှစ်ဆူသော သဗ္ဗညုဘုရားရှင်တို့သည်။ အဗုပ္ပံ အစရိမံ၊ မရှေးမနှောင်းတပြိုင်နက်။ ယံဥပ္ပဇ္ဇေယျုံ၊ အကြင်ဖြစ်ကုန်ရာ၏။ ဧတံ၊ ဤသို့ဖြစ်ချင်းသည်။ အဌာနံ၊ အကြောင့်မဟုတ်။ အနဝကာသော၊ အရာမဟုတ်။ ဣတိ ဧတံဌာနံ၊ ဤသို့ဖြစ်ချင်းအကြောင်းသည်။ နဝဇ္ဇတိ၊ လောကမှာ မရှိနိုင်။

လောကမှာ ဘုရားတစ်ဆူပွင့်ဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ မလွယ်ကူလှပါဘူး။ဘုရားတစ်ဆူပွင့်ပြီးလို့ နောက်ဘုရားတစ်ဆူပွင့်မယ့်ကြားမှာလည်း အချိန်ကာလတွေ များစွာခြားနား ကြာညောင်းလှပါတယ်။

မဟာပထဝီမြေကြီးဟာ အနှစ်တစ်ရာကြာမှ လက်တစ်သစ်အပေါ်သို့တိုး၍ မြင့်တက်တယ်လို့ဆိုပါတယ်။

ဘုရားပွင့်ဖို့ဆိုတာ ရှေ့ဘုရားရှင်ရဲ့သာသနာကွယ်ပြီးတဲ့နေ့ကစပြီး မဟာပထဝီမြေကြီး တစ်ယူဇနာအထိ အပေါ်သို့တက်မှ နောက်ဘုရားတစ်ဆူပွင့်ပါတယ်။

ဘုရားမပွင့်တဲ့ ကမ္ဘာမြေကြီးကို သုညကမ္ဘာလို့ခေါ်ပြီးဘုရားပွင့်တဲ့ကမ္ဘာကြီးကို အသုညကမ္ဘလို့ခေါ်ပါတယ်။ ဘုရားပွင့်တဲ့ အသုညကမ္ဘာမှာ ကမ္ဘာကြီးငါးခုရှိပါတယ်။

ဘုရားတစ်ဆူပွင့်တဲ့ ကမ္ဘာကို သာရကမ္ဘာ။ ဘုရားနှစ်ဆူပွင့်တဲ့ကမ္ဘာကို မဏ္ဍကမ္ဘာ။ဘုရားသုံးဆူပွင့်တဲ့ကမ္ဘာကို ဝရကမ္ဘာ။ ဘုရားလေးဆူပွင့်တဲ့ ကမ္ဘာကို သာရမဏ္ဍကမ္ဘာ။ ဘုရားငါးဆူပွင့်တဲ့ ကမ္ဘာကိုဘဒ္ဒကမ္ဘာလို့ခေါ်ပါတယ်။

လောကကြီးမှာ ဘုရားငါးဆူထက် ပိုပွင့်တဲ့ ကမ္ဘာမရှိပါ။ မဟာဗောဓိပလ္လကောင်္ ဝိနသာမာနေ လောကေ ပစ္ဆာဝိနဿတိ၊သဏ္ဍဟမာနေ ပဌမံ သဏ္ဍဟတိဆိုတဲ့ ပိဋကတ်တော်လာ စကားအရ…

မဟာဗောဓိပင်ကြီးအောက် ဘုရားအဆူဆူတို့သစ္စာလေးပါး တရားထူးတရားမြတ်ကိုသိရှိ၍ ဘုရားဖြစ်တော်မူခဲ့တဲ့ အပရာဇိတပလ္လင်(ဝဇိရာသနပလ္လင်)တော် တည်ရှိတဲ့နေရာ ဗုဒ္ဓဂယာမြေ မြတ်မဟာ…

ကမ္ဘာမြေကြီးစတင်ပေါ်ပေါက်တဲ့အခါ ပထမဦးဆုံးပေါ်ပေါက်ပြီး ကမ္ဘာကြီးပျက်တဲ့အခါ နောက်ဆုံးမှပျက်တဲ့နေရာဖြစ်ပါတယ်။

ဘုရားတစ်ဆူသာပွင့်တဲ့ ကမ္ဘာဖြစ်မယ်ဆိုရင် ကမ္ဘာဦးအစ ကမ္ဘာဦးကာလက လူ့ပြည်လူ့မြေဖြစ်တဲ့ ဒီကမ္ဘာမြေကြီး စတင်ဖြစ်ပေါ်တဲ့ အပရာဇိတပလ္လင်(ဝဇိရာသနပလ္လင်)တော် တည်ရှိတဲ့နေရာ ဗုဒ္ဓဂယာမြေမှာ ပရိက္ခရာတစ်စုံသီးတဲ့ ကြာပွင့်ကြီးတစ်ပွင့်ပါတဲ့ ပဒုမ္မာကြာပန်းကြီးတစ်ပင်ပေါက်လာပါတယ်။

ဘုရားနှစ်ဆူပွင့်မယ်ကမ္ဘာဆိုရင် ပရိက္ခာနှစ်စုံသီးတဲ့ ကြာပွင့်ကြီးနှစ်ပွင့်ပါတယ်ပဒုမ္မာကြာပင်ကြီးတစ်ပင်ပေါက်လာပါတယ်။ ဘုရားသုံးဆူပွင့်မယ်ကမ္ဘာဆိုရင် ပရိက္ခရာသုံးစုံသီးတဲ့ ကြာပွင့်ကြီးသုံးပွင့်ပါတဲ့ ပဒုမ္မာကြာပင်ကြီးတစ်ပင်ပေါက်လာပါတယ်။

ဘုရားလေးဆူပွင့်မယ့်ကမ္ဘာဆိုရင် ပရိက္ခရာလေးစုံသီးတဲ့ ကြာပွင့်ကြီးလေးပွင့်ပါတယ် ပဒုမ္မာကြာပင်ကြီးတစ်ပင်ပေါက်လာပါတယ်။ ဘုရားငါးဆူပွင့်မယ့် ကမ္ဘာဆိုရင် ပရိက္ခရာငါးစုံသီးတဲ့ ကြာပွင့်ကြီးငါးပွင့်ပါတဲ့ ပဒုမ္မာကြာပင်ကြီးတစ်ပင်ပေါက်လာပါတယ်။

ပရိက္ခရာအစုံသီးနေတဲ့ အဲဒီပဒုမ္မာကြာပင်ကြီးကို သုဒ္ဓဝါသဗြာဟ္မာကြီးတွေ မြင်တွေ့ရတဲ့အခါအရမ်းဝမ်းသာကြလျက် ဘုရားပွင့်မယ့် ကမ္ဘာလော၊ ဘုရားမပွင့်တဲ့ကမ္ဘာလောလို့ ပုဗ္ဗနိမိတ်တွေ ဖတ်ကြကာ ပရိက္ခရာအစုံတို့ကို သိမ်း ဆည်းထားကြ၍ နောင်ပစ္ဆိမဘဝိက ဘုရားအလောင်းတို့ တောထွက်တဲ့အခါ ကပ်လှူကြပါတယ်။

ဒါ့ကြောင့်ဗုဒ္ဓဘာသာဝင်တွေအတွက် ဗုဒ္ဓဂယာမြေဟာ အထွဋ်အမြတ်ထားတဲ့နေရာ၊ မမေ့သင့် မမေ့ထိုက်တဲ့နေရာ၊ ကုသိုလ်တွေပြုလုပ်၍သံဝေဂယူစရာကောင်းတဲ့နေရာ ၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ နှလုံးသားပင်ဖြစ်ပါတယ်။

ပစ္စေကဗုဒ္ဓါနဲ့ အရိယာသူတော်ကောင်းတွေဟာလည်းဘုရားရှင်တို့ပွင့်တော်မူရာ ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်းမှာသာ ပွင့်ကြရ၊ ဖြစ်ကြရပါတယ်။

ပစ္စေကဗုဒ္ဓါတွေဟာ ဘုရားရှင်ရဲ့ သာသနာပမှာ(သာသနာမရှိ၊ သာသနာကွယ်ပြီးကွယ်ပြီးတဲ့နောက်မှာ) သုညကမ္ဘာ၊ အသုညကမ္ဘာနှစ်ခုလုံးမှာဆရာမလိုဘဲ မိမိအလိုလို ကိုယ်တော်တိုင် ပွင့်တော်မူကြတဲ့ ဘုရားငယ်တွေဖြစ်ပါတယ်။

ကိုယ်ကိုယ်တိုင် သစ္စာလေးပါးကို သိပေမယ့် သူတစ်ပါးကို မဟောပြနိုင်တဲ့ ဘုရားငယ်တွေဖြစ်ပါတယ်။ ပစ္စေကဗုဒ္ဓါတွေဟာ တစ်ဆူတည်းလည်းပွင့်နိုင်တယ်။ နှစ်ဆူ၊ သုံးဆူ၊ လေးဆူ၊ ငါးဆူမက အဆူတစ်ရာ၊ နှစ်ရာလည်း ပြိုင်၍ ပွင့်ကြပါတယ်။ ပွင့်နိုင်ပါတယ်။

စကြာဝတေးမင်းကတော့ ကမ္ဘာတိုင်း ကမ္ဘာတိုင်း၊ စကြာဝဠာတိုင်း စကြာဝဠာတိုင်း ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်းမှာသာ ဖြစ်ကြပြီး လေးကျွန်းလုံးကို အုပ်စိုးပိုင်သ အစိုးရပါတယ်။ စကြာဝဠာတစ်ခုအတွင်းမှာကား စကြာဝတေးမင်းတစ်ပါးတည်းသာ ဖြစ်လေ့ရှိပါတယ်။ နှစ်ပါးပြိုင်၍မဖြစ်ကြပါ။

ဘုရား၊ ပစ္စေကဗုဒ္ဓ အရိယာသူတော်ကောင်းတွေဟာ လောကကြီးမှာဘာ့ကြောင့် ဖြစ်ကြရ၊ပွင့်ကြရတာလဲဆိုရင် သတ္တာလောကအတွင်းမှာအိုဘေး၊ နာဘေး၊ သေဘေး တွေဟာ မပြောင်းမလဲ အမြဲထင်ရှား ရှိနေကြလို့ဖြစ်ပါတယ်။

အဲဒီ အိုဘေး၊ နာဘေး၊ သေဘေးဆိုတဲ့ အရာသုံးခုဟာ မပြတ်မလပ် လွန်စွာဖိစီး နှိပ်စက်တဲ့အတွက်ကြောင့် ဘုရားမဖြစ်ဖြစ်အောင် မပွင့်ချင် ပွင့်ချင်အောင် တိုက်တွန်းနှိုးဆော်နေကြတဲ့အတွက် လောကမှာ ဘုရား၊ပစ္စေကဗုဒ္ဓါ၊ အရိယာတို့ ပွင့်ကြရ ဖြစ်ကြရပါတယ်။

တစ်ကယ်လို့ သတ္တလောကအတွင်းမှာ အိုဘေး၊ နာဘေး၊ သေဘေး၊ ဆိုတဲ့ အရာသုံးခုဟာ ထင်ရှားမရှိဘူးဆိုရင် အတိတ်၊အနာဂတ်၊ ပစ္စုပ္ပန်ဆိုတဲ့ ကာလသုံးပါးမှာ ဘယ်အခါမျှ ဘုရား ပစ္စေကဗုဒ္ဓါ၊ အရိယာသူတော်ကောင်းတွေ ဖြစ်ကြရမယ် ပွင့်ကြရမယ်မဟုတ်ပါ။

ဘုရားပွင့်တဲ့အခါလည်း…

ဝီရိယာဓိက-တစ်ဆယ့်ခြောက်သချေင်္နဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်အားထုတ်ရတဲ့ ဘုရား။ သဒ္ဓါဓိက- ရှစ်သချေင်္နဲ့ ကမ္ဘာတစ်သိန်းပါရမီဖြည့်ကျင့်အားထုတ်ရတဲ့ ဘုရား။ပညာဓိက- လေးသချေင်္နဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်အားထုတ်ရတဲ့ ဘုရားရယ်လို့ ဘုရားသုံးမျိုး ကွဲပြားသွားပါတယ်။

ဒါပြင်ဗုဒ္ဓလေးမျိုးဆိုတာ ရှိပါသေးတယ်။ ၁။ သမ္မာသမ္ဗုဒ္ဓ-သမ္မာသမ္ဗောဓိဥာဏ်၊ သဗ္ဗညုတဥာဏ်ကို ရရှိတော်မူတဲ့ ဘုရား။

၂။ ပစ္စေကဗုဒ္ဓ- ပစ္စေက – အသီးသီး၊ ဗုဒ္ဓ-သစ္စာလေးပါးကို သိတဲ့ဘုရား၊ နှစ်သချေင်္နဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်အားထုတ်ရတဲ့ဘုရား။

၃။ စတုသစ္စဗုဒ္ဓ-သစ္စာလေးပါးကို သိတဲ့ ရဟန္တာပုဂ္ဂိုလ်များ။

၄။သုတဗုဒ္ဓ-အကြားအမြင်တွေများပြီး ပိဋကတ်စာပေတွေအပေါ်မှာ တတ်ကျွန်းလိမ္မာတဲ့သူရယ်လို့ ဘုရားလေးဆူရှိပါတယ်။

အဲဒီအထဲမှာ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တိုင်းကတော့ ဗုဒ္ဓဂယာမြေထူးမြေမြတ်မှာပဲ ပွင့်တော်မူကြပါတယ်။

ဗုဒ္ဓဂယာမှာ ဘုရားရှင်တို့ ပွင့်တော်မူတိုင်း မဟာပထဝီကမ္ဘာမြေကြီးဟာ တုန်လှုပ်ခဲ့ပါတယ်။

အဲဒီလိုပဲ နောင်ပွင့်တော်မူမယ့်အရိမေတ္တယျဘုရားရှင်ပွင့်တော်မူတဲ့အခါလည်း မဟာပထဝီကမ္ဘာမြေကြီးဟာကောင်းချီးပေး၍ တုန်လှုပ်ဦးမှာ ဖြစ်ပါတယ်။

အပရာဇိတ ပလ်လကငျေ် သီသေ ပုထု ဝိပုက္ခလေ အဘိသကေ သဗ်ဗဗုဒ်ဓါနံ အဂ္ဂပတ္တော ပမောဒတိ။”ဆိုတဲ့ ဘုရားဟောပါဠီတော်အရ…

ဗုဒ္ဓဂယာဆိုတာ ဂေါတမဗုဒ္ဓဟာ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေတွင် မဟာဗောဓိပင်အောက် အပရာဇိတပလ္လင်ထက်မှာ လောကသုံးပါးမှာအထွတ်အထိပ် သဗ္ဗညုတဥာဏ်တော်ပိုင်ရှင်ဘုရားအဖြစ် သို့ရောက်တော်မူခဲ့သလို ဘုရားအဆူဆူတွေရဲ့ ပွင့်တော်မူရာ မြေမြတ်ဖြစ်တဲ့ အတွက်ကြောင့်…

အိန္ဒိယ နိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးရှိ ဗုဒ္ဓဘာသာဝင်တွေအတွက် အမွန်မြတ်ဆုံးနေရာဌာနတစ်ခုဖြစ်ပြီး ရောက်ဖူးသင့် ရောက်ဖူးထိုက်၊ ဖူးမြော်သင့် ဖူးမြော်ထိုက်တဲ့အရပ်ဒေသမြေထူးမြေမြတ်ဟာ ဗုဒ္ဓဂယာပဲ ဖြစ်ပါတယ်။

ဗုဒ္ဓဂယာဟာထူးမြတ်တဲ့မဇ္စျိမဒေသမှာ သံဝေဂယူစရာနေရာတစ်ခုဖြစ်သလို သံဝေဇနိယ လေးဌာနတွင်ပါဝင်ပြီးဘုရားရှင်တိုင်းတို့ရဲ့ မစွန့်အပ်တဲ့ အဝိဇဟိတဌာနထူးလည်း ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေအတွက် တုနှိုင်းစရာမရှိတဲ့နေရာ၊ တန်ဖိုးမဖြတ်နိုင်တဲ့နေရာ၊ တန်ခိုးကြီးမားတဲ့နေရာ၊ ကုသိုလ်တရား အထူးတိုးပွားစေနိုင်တဲ့နေရာ၊ အထူးမွန်မြတ် အရေးပါတဲ့နေရာဖြစ်ပါတယ်။

ဘုရားရှင် သဗ္ဗညုတရွှေဥာဏ်တော်ကိုရ၍ဗုဒ္ဓအဖြစ်သို့ ရောက်ရှိခဲ့တဲ့ ဒဿ န သံဝေဇနိယ နေရာဌာနဖြစ်တဲ့အတွက်ကြောင့် ဗုဒ္ဓဂယာမှာကုသိုလ်ပြုလုပ်တတ်ရင် တစ်ကယ်အပါယ်တံခါးပိတ်တဲ့နေရာဖြစ်ပါတယ်။

ဗုဒ္ဓခေတ်မတိုင်မီက ဒီဒေသတစ်ဝိုက်ကို ဥရုဝေလလို့ခေါ်တွင်ခဲပြီး ဗုဒ္ဓခေတ်မှာ ဗောဓိမဏ္ဍလ၊ သမ္ဗောဓိ၊ ဗောဓိရုက္ခမူလ စသည်ဖြင့်ခေါ်ခဲ့ပါတယ်။

ဆယ့်သုံးရာစုတွင် ဒေသခံတွေက ဗြဟ္မဂယာလို့ခေါ်တဲ့ ဂယာမြို့(ဗိဿနိုးနတ်ကွန်း)နဲ့ ကဲပြားစေရန် ဗုဒ္ဓဂယာလို့ခေါ်တွင်ခဲ့ကြပါတယ်။

တစ်နည်းပြောရရင် ဗုဒ္ဓဂယာဆိုတဲ့အမည်မှာ ဂယာမြို့အနီး တည်ရှိမှုကို အစဲပြု၍ ဗုဒ္ဓပွင့်တော်မူခဲ့တဲ့နေရာကို ဂယာတပ်၍ ခေါ်ဆိုကြတာလည်းရှိဖြစ်ပါတယ်။

ဓမ္မဒါယာဒဆရာတော် ဒေါက်တာအရှင်နန္ဒသာရ(ဗုဒ္ဓဂယာ) မေတ္တာဖြင့် ပြန်လည်မျှဝေ ပူဇော်ပါသည်။Credit