ဗဟုသုတ

ကြက်ဥ ဘဲဥ တွင် အသက်ရှိလား မရှိဘူးလား

ဥပုသ်သည် ဟာ ကြက်ဥ ဘဲဥ များကို ကိုယ်တိုင်ဖောက်ခွဲခဲ့သော် သီလ ပျက်-မပျက် မေးလျောက်သော စာလွှာပါဘုရား. ။

ကြက်ဥ ဘဲဥ ဆိုတာဟာကြက်ဘဲတို့ရဲ့သန္ဓေလောင်းပဲကွယ့်၊ ရဟန်းတော်များဟာလူကိုမသတ်ကောင်းဘူး၊ လူကိုသတ်မိလျှင်သာသနာတော်မှ ဆုံးရှုံးခြင်းဆိုတဲ့ ပါရာဇိကကိုရောက်တယ်၊ လူကိုသတ်ရာမှာလည်းမွေးဖွားပြီးတဲ့လူကိုသတ်မှမဟုတ်ဘူး။

လူသား သန္ဓေလောင်းမျိုးစေ့ဖြစ်တဲ့ ကိုယ် ဝန် ကိုဖျက်ချပေးလျှင်လည်း မွေးဖွားပြီး လူကိုသတ်တာနှင့်အတူတူ ပါရာဇိကကို ရောက်တယ်၊ ကြက်ဥ၊ဘဲဥဆိုတာ ကြက်ဘဲ တို့ရဲ့ သန္ဓေလောင်း ပဲ၊

သန္ဓေလောင်း ကို ဖျက်ဆီးခဲ့လျှင် ပါဏာတိပါတကံထိုက်ပြီး ဥပုသ်သည်မှာ သီလ ပျက်တာပဲ၊ဒါကြောင့် ဥပုသ်သည်ဟာ ကြက် ဥ ဘဲဥ ကိုကိုယ်တိုင်လည်းမခွဲသင့်ဘူး၊ သူတစ်ပါးကိုလည်းအခွဲမခိုင်းသင့်ဘူးကွယ့်. .”။

“သည်နေရာမှာ လျှောက်စရာရှိလို့ လျှောက်စမ်းပါရစေဦးဘုရား .. အခုခေတ် သပ္ပံပညာ အလွန်ထွန်းကားတဲ့ခေတ် ဖြစ်တယ်ဘုရား၊ ကြက်ဥ ဘဲဥ ဟာ ကြက်ဘဲ တို့ရဲ့ သန္ဓေလောင်းပဲဆိုတာ မှန်ပါတယ်။

သို့သော်လည်း ကြက်ဥဘဲဥတိုင်းဟာ ကြက်ဘဲတို့ရဲ့ သန္ဓေလောင်း မဟုတ်ဘူးဘုရာ့ ၊ အချို့သိပ္ပံနည်းနှင့် ပေါက်ဖွားလာကြတဲ့ ကြက်တွေဘဲတွေဟာ အဖိုအမ ပျော်ပါးပြီး သန္ဓေယူကြတာ မဟုတ်ကြဘူး၊

လူသားတို့ သိပ္ပံနည်းဖြင့် အဥဖြစ်စေတတ်တဲ့အစာများကို ကျွေးမွေးပြီး အဥခိုင်းတဲ့အတွက်အစာကြောင့်ဥကြတယ်ဘုရား။

အဲသည်ကြက်ဥတွေဟာ လူကဥခိုင်းလို့ ဥတာဖြစ်တဲ့အတွက်အကောင်မပေါက် ဘူးလို့ ဆိုကြတယ်၊ အကောင်မပေါက်ဘူးဆိုတော့ သန္ဓေသက်မပါဘူးလို့ ဆိုလိုတာပေါ့ဘုရား၊

အဲသည်ကြက်ဥဘဲဥတွေမှာသန္ဓေသက်မပါတဲ့အတွက် ဖောက်ခွဲဖျက်ဆီးလို့ သီလ ပျက်မပျက်မေးလျှောက်ခြင်းဖြစ်ပါတယ်ဘုရား..”။

“လူက အစာကျွေးပြီး ဥခိုင်းတဲ့ ကြက်ဥ ဘဲဥ နှင့်ရိုးရိုး ကြက်ဥ ဘဲဥ ဘာမျှမထူးခြားပါဘူး၊ မျက်မြင်အားဖြင့် ရိုးရိုးကြက်ဥ ဘဲဥအတွင်းမှာလည်းအကာရည်နှင့် အနှစ်ပါတယ်၊ သပ္ပံ ကြက်ဥ ဘဲဥ များမှာလည်း အကာရည်နှင့်အနှစ်ပါတယ်။

ဒါကြောင့်သပ္ပံ ကြက်ဥ ဘဲဥ မှာ သန္ဓေသက်မပါဘူးလို့မဆိုနိုင်ဘူး၊ သန္ဓေ သက်တော့ပါရဲ့၊ သို့သော် အဖိုဓာတ်မပါလို့ သန္ဓေမတင်ဘူးလို့သာ ဆိုသင့်တယ်၊

သန္ဓေတင်သည်ဖြစ်စေ မတင်သည်ဖြစ်စေ သနေ ္ဓသက်ရှိစဉ် ဖျက်ဆီးလျှင် ပါဏာတိပါတကံ ထိုက်မှာပဲ၊သီလပျက်မှာပဲ။

ဥပမာ ပေးပါဆိုလျှင် လူမိန်းမရဲ့သန္ဓေ သားဟာ ပိုး၊ လေ စသောအကြောင်းကြောင့်သူ့ဘာသာ ပျက်တော့မလို ဖြစ်နေတယ်၊သည်အချိန် ရဟန်းဖြစ်သူက ပျက်အောင်လုံ့လပြုလို့ ပျက်ခဲ့လျှင် အဲသည်ရဟန်း ပါရာဇိကကျတာပဲ။

အခုလည်း ထို့အတူ ကြက်ဥ ဘဲဥအတွင်းမှာမျိုးမအောင်သော သန္ဓေသက် ရှိနေတယ်၊ သည်သန္ဓေသက်ကို ဖျက်ဆီးတဲ့အတွက် ဥပုသ်သည် သီလ ပျက်တယ်၊ လို့မှတ်ရမယ်၊

ပြီးတော့ ပြောရဦးမယ်၊ အချို့သော ကြက်ဥ ဘဲဥများ အ ရှည်ခံအောင်ရယ့်လို့ ထုံးရည်စိမ်ထားတယ်လို့ကြားဖူးတယ်။

ထုံးရည်စိမ်ပြီးလျှင် သန္ဓေသက်သုဉ်းသွားတယ်လို့ ပြောကြတယ်၊ သို့သော် လည်းဧကန် သုဉ်း မသုဉ်း မဆုံးဖြတ်နိုင်ဘူး၊ဥပုသ်သည်မှန်လျှင် ကြက်ဥ ဘဲဥ များကို ကိုယ်တိုင်လည်းမခွဲ၊သူတစ်ပါးလည်း မခွဲခိုင်းခြင်းဟာ အကောင်းဆုံးဘဲဖြစ်တယ်ကွယ့် . .”။

နိုင်ငံတော် သြဝါဒါစရိယ မြန်မာစာသြဝါဒါစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၂) မှကူးယူပူဇော်ပါသည်။

Credit: သံသရာမျက်ရည်(မိုးညှင်း)