လျှို့ဝှက်လွန်းတဲ့မြို့ (သို့) မြောင်းမြမြို့ဟောင်း (သို့) အောက်ပြည်အောက်ရွာက ပုဂံ
အကြေပုဂံ အောက်ပြည်အောက်ရွာကပုဂံလို့ ညွှန်းဆိုလေ့ရှိတဲ့ မြောင်းမြမြို့ဟောင်းအကြောင်းကို ရှေးဟောင်းနေရာတွေစိတ်ဝင်စားကြသူတိုင်း ကြားဖူးနားဝရှိကြပါတယ် ။ ကျွန်တော်လည်း မြောင်းမြမြို့ဟောင်းနဲ့ပက်သက်ပြီး တစ်စွန်းတစ်စကြားဖူးနားဝရှိသူမို့ အဲဒီမြို့ဟောင်းကိုအတော်ပဲ စိတ်ဝင်စားနေမိတာပါ ။
မြောင်းမြမြို့ဟောင်းမှာ ရှေးဟောင်းစေတီအပြိုအပျက်တွေနဲ့ အုတ်ကုန်းပါင်းရာချီရှိတယ်လို့ သက်ဆိုင်ရာဌာနအတွင်းက မိတ်ဆွေအရာရှိတစ်ယောက် ပြောပြဖူးကတည်းကပဲ အတော်လေးစိတ်ဝင်စားမိနေတာပါ ။ ဒါကြောင့် အခွင့်သင့်ရင် အဲဒီမြို့ဟောင်းဆီ သွားရောက်လေ့လာဖို့ စိတ်ကူးထားပါတယ် ။
ပြီးခဲ့တဲ့တစ်လအတွင်းက အလုပ်ကိစ္စတစ်ခုကို အကြောင်းပြုလို့ မြောင်းမြမြို့ကို ရောက်ခဲ့ပါတယ် ။ အလုပ်ကိစ္စတွေပြတ်ပြီဆိုတာနဲ့ မြောင်းမြမြို့ဟောင်းဆီ ဖြစ်အောင်သွားခဲ့ပါတယ် ။ စိတ်ဝင်စားနေမိတဲ့ မြောင်းမြမြို့ဟောင်းနေရာကို ထုံးစံအတိုင်း ခရီးသွားဟန်လွဲလေ့လာဖို့ သွားရောက်ခဲ့တာပါ။
သာမန်ဝါသနာရှင်တစ်ယောက်အနေနဲ့ အချိန်ခဏအတွင်း လေ့လာပြီးပြန်ခဲ့ရမှာဆိုတော့လည်း မြောင်းမြမြို့ဟောင်းနဲ့ပက်သက်ပြီး အသေးအစိတ်လေ့လာခွင့်ရလိမ့်မယ်လို့ မမျော်လင့်ထားပါဘူး ။ ဒါပေမယ့် အပေါ်ယံလောက်တော့ လေ့လာခွင့်ရလိမ့်မယ်လို့တော့ ထင်မိပါတယ် ။
မြောင်းမြမြို့ဟောင်းဟာ အခုလက်ရှိမြောင်းမြမြို့ရဲ့ တောင်ဘက် ၇ မိုင်အကွာက မြို့ဟောင်းချောင်းနဲ့ ငါးမြင်းချောင်းတို့ဆုံရာအနီးအနားမှာ တည်ရှိပါတယ် ။ လမ်းကအတော်အသင့်ကြမ်းနေသေးတာမို့ အဲဒီ ၇ မိုင်ခရီးကို ဆိုင်ကယ်နဲ့ တစ်နာရီလောက်အချိန်ယူပြီး သွားလိုက်ရတာပါ ။
လက်ရှိအနေထားအရ မြို့ဟောင်းဧရိယာအတွင်းမှာ ကုန်သာရွာနဲ့ မြို့ဟောင်းရွာတို့ တည်ရှိနေပါတယ် ။ မြေပုံမှတ်တမ်းအရ မြောင်းမြမြို့ဟောင်းဟာ လေးထောင့်ပုံစံဖြစ်ပေမယ့်လည်း တောင်ဘက်မျက်နှာက တခြားမျက်နှာတွေထက် ကျဉ်းလွန်းတာမို့ တြိဂံပုံစံလိုဖြစ်နေတာပါ ။ မြို့ရိုးနဲ့ကျုံးတွေကို မြို့ဟောင်းဝန်းကျင်က တချို့နေရာတွေမှာ ထင်ထင်ရှားရှားတွေ့နိုင်သေးကြောင်း သုတေသနမှတ်တမ်းများကဆိုပါတယ် ။
ရှေးဟောင်းသုတေသနဌာနက မြောင်းမြမြို့ဟောင်းဝန်းကျင်မှာ ရှေးဟောင်းသုတေသနဆိုင်ရာ လုပ်ငန်းများကို ၁၉၉၉ – ၂၀၁၀ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ပြီး အခုချိန်မှာ မြို့ဟောင်းဝန်းကျင်ကို Ancient Site Zone နဲ့ Protected and Preserved Zone တွေအဖြစ် သတ်မှတ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ် ။
သုတေသနအစီရင်ခံစာအရ မြို့ဟောင်းအတွင်းအပြင်ဝန်းကျင်မှာ မြို့ရိုး ၊ ကျုံး ၊ မြေကုန်း ၊ အဝိုင်းပန္နက်ပုံရှိတဲ့ မြေစိုက်စေတီ ၊ ရှစ်မြှောင့်ပုံပန္နက်ရှိတဲ့ မြေစိုက်စေတီ ၊ လေးထောင့်ပုံပန္နက်ရှိတဲ့ မြေစိုက်စေတီ ၊ မဟာတံတိုင်းပါတဲ့ မြေစိုက်စေတီ ၊ စေတီစု ၊ လေးထောင့်ပုံပန္နက်ရှိတဲ့ အဆောက်အအုံ ၊ အဆောက်အအုံးအကြွင်းအကျန်နဲ့ အုတ်ရိုးများ ၊ စဉ့်ဖို ၊ အုတ်စီလမ်း ၊ ရေကန်ဟောင်း ၊ သိမ် နဲ့ ရေသိမ် စတဲ့အဆောက်အအုံအကြွင်းအကျန်တွေ တွေ့ရှိရပြီး သာသနိကအဆောက်အအုံအကြွင်းအကျန် စုစုပေါင်း ၂၀၀ ကျော်ကို မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ သိရပါတယ် ။ ဒေသတွင်းသုတေသီများရဲ့ မှတ်တမ်းကတော့ မြို့ဟောင်းဝန်းကျင်မှာ ရှေးဟောင်းစေတီအကောင်း ၊ အပျက် စုစုပေါင်း ၂၇၈ ဆူ ရှိတယ်လို့ဆိုပြန်တာပါ ။
မြောင်းမြမြို့ဟောင်းမှာတွေ့ရှိရတဲ့ အဆောက်အအုံပျက်တို့ဟာ ရာသီဥတုဒါဏ်နဲ့ ရာစုနှစ်များစွာ စွန့်ပစ်ထားမှုတွေကြောင့် ပျက်စီးမှုများပြီး မြေကုန်းတွေအဖြစ်နဲ့သာ ကျန်ခဲ့တာမို့ ခိုင်မာတိကျတဲ့ ခေတ်ကာလကို ခန့်မှန်းရခက်တယ်လို့ဆိုပါတယ် ။ သို့ပေမယ့်လို့ ကွင်းဆင်းလေ့လာမှုနဲ့ တူးဖော်သုတေသနလုပ်ငန်းတို့က ရရှိတဲ့အထောက်များပေါ်အခြေခံပြီး မြောင်းမြမြို့ဟောင်းဟာ အေဒီ ၁၅ – ၁၆ ရာစုထက် ပိုမစောတဲ့ကာလတွေမှာ ထွန်းကားခဲ့တဲ့ မြို့ဟောင်းတစ်ခုဖြစ်ကြောင်း ကောက်ချက်ချပါတယ်တဲ့
မြောင်းမြမြို့ (ယခုမြို့ဟောင်း) ကို ရာဇဝင်မှာ မြောင်းမြမြို့စားလောက်ဖျားကို အကြောင်းပြုပြီး လူသိများပါတယ် ။ အားလုံးသိကြတဲ့အတိုင်း အေဒီ ၁၃၈၇ ခုနှစ်မှာ ဟံသာဝတီပြည့်ရှင် ဗညာဦးရဲ့ညီတော်ဖြစ်တဲ့ မြောင်းမြစားလောက်ဖျားဟာ ဗညာဦးရဲ့အရိုက်ရာကိုဆက်ခံတဲ့ မွန်ဘုရင်ရာဇဓိရာဇ်ကို တော်လှန်ပုန်ကုန်မှုတွေဖြစ်ခဲ့ပါတယ် ။ အဲဒီအကြောင်းတွေကိုလည်း ရာဇဝင်တွေမှာ လေ့လာဖူးပြီးသားဖြစ်ကြမှာပါ ။
မြောင်းမြမြို့ဟာ ပုသိမ် ၃၂ မြို့မှာပါဝင်ပြီး ကျိုက်ဇလံထော်မြို့နာမည်နဲ့လည်း ထင်ရှားတယ်လို့ဆိုပါတယ် ။ မြောင်းမြ ဆိုတဲ့အမည်ကိုလည်း အဓိပါယ်အမျိုးမျိုးဖွင့်ဆိုခဲ့သေးတာပါ ။
လောက်ဖျားမင်းလက်ထက်က မြောင်းမြမြို့ ကျုံးမြောင်းတူးစဉ်အခါမှာ ကျုံးမြောင်းထဲက မြသပိတ်ကြီးတစ်လုံး ထူးဆန်းစွာရခဲ့ပါတယ်တဲ့ ။ ဒါကိုအကြောင်းပြုပြီး မြောင်းမြမြို့လို့ ခေါ်တွင်ကြောင်း တချို့ရာဇဝင်တွေမှာ ဆိုထားပါတယ် ။ မွန်ဘာသာနဲ့ ရေးသားခဲ့တဲ့ ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းမှာတော့ မြောင်းမြမြို့နေရာကို မင်မလ(မောင်မလဲ) ဆိုတဲ့နာမည်နဲ့ ရည်ညွှန်းပါရှိတယ်လို့ ဆိုပါတယ် ။ မင်ရဲ့အဓိပ္ပါယ်က နေရာဖြစ်ပြီး မလ ကတော့ မြတ်ရာပင်ကိုဆိုလိုတာဖြစ်လို့ မင်မလဆိုတာ မြတ်ရာပင်ကုန်း လို့ယူဆရင်ရတန်ကောင်းကြောင်း သုတေသီတွေက ကြံဆပါတယ် ။ ဒါအပြင် မြောင်းမြဆိုတဲ့နာမည်ကလည်း အဲဒီ မင်မလဆိုတဲ့စကားကနေ ပြောင်းလဲလာဟန်ရှိတယ်လို့ ယူဆကြသေးတာပါ ။
စိုက်ပျိုးမြေအနေထား ကောင်းမွန်ပြီး စီးပွားရေးတိုးတက်ထွန်းကားဖို့ အခြေခံကောင်းတွေရှိတဲ့ မြောင်းမြမြို့မှာ ခေတ်အဆက်ဆက်ကပဲ ဘုရား ကျောင်း ကန် ဇရပ်နဲ့ စေတီ ပုထိုးဘုရားတို့ တိုးတက်ထွန်းကားခဲ့မှာ အမှန်ပဲဖြစ်ပါတယ် ။ အဲဒီလိုအစဉ်အဆက်စည်ပင်ခဲ့တဲ့ မြောင်းမြမြို့ဟောင်းဟာ အေဒီ ၁၈၆၁ ခုနှစ်ရောက်မှာတော့ ကြမ္မာဆိုးနဲ့ကြုံခဲ့ရပါတော့တယ် ။
မီးအကြီးကျယ်လောင်ကျွမ်းခံခဲ့ရပြီး မြိူ့ပျက်ခဲ့တဲ့အထိ အဖြစ်သွားခဲ့ရတာပါ ။ အဲဒီနောက်ပိုင်း အေဒီ ၁၈၉၃ ခုနှစ်မှာ ဆိပ်ကြီးအရပ် (လက်ရှိမြောင်းမြမြို့နေရာ) ကို ပြောင်းရွှေ့ပြီး မြို့သစ်တည်ခဲ့ပါတယ် ။ အဲဒီမြို့သစ်ကို ကျိုက်အမွန်မြို့ဆိုတဲ့နာမည်နဲ့ အမည်တွင်သေးတယ်လို့ သိရပါတယ် ။
ကျွန်တော့ရဲ့ မြောင်းမြမြို့ဟောင်းအလည်အပတ်ခရီးမှာ နန်းတော်ရာကုန်းစေတီ ၊ မြစိမ်းရောင်တောင်ပေါ်က မြတိဂုံစေတီ ၊ မြို့ဟောင်းရွာထဲမှာရှိတဲ့ ရွှေစည်းခုံစေတီ နဲ့ ရှေးဟောင်း ရေတွင်း ရေကန်တွေကိုသာ လေ့လာဖြစ်ခဲ့တာပါ ။ အဲဒီစေတီတွေဟာ ရှေးခေတ်စေတီတွေဖြစ်ကြပေမယ့်လည်း အခုခေတ် အသစ်ပြန်ပြင်ထားလိုက်ကြပြီမို့ ရှေးခေတ်ပုံစံအနေထားတွေကို မြင်တွေ့ခွင့်မရခဲ့ပါဘူး ။
အကြေပုဂံလို့ညွှန်းဆိုရလောက်အောင် ပေါများလှတဲ့မြောင်းမြို့ဟောင်းထဲက ရှေးဟောင်းစေတီတွေကျတော့ သစ်ပင်သစ်တောတွေထဲရောက်နေကြတာမို့ သာမန်လေ့လာသူတစ်ယောက်အနေနဲ့ အချိန်တခဏအတွင်း လေ့လာဖို့ အဆင်မပြေဘဲ ဖြစ်နေတော့တာပါ ။ စိတ်ထဲမှာ အတော်လေးမချင့်မရဲ ဖြစ်ရပါတယ် ။
စိုက်ထူထားတဲ့ ဘုတ်ပေါ်ကမြေပုံအရ ဘယ်နေရာတွေမှာ ကျုံး ၊ မြို့ရိုး ၊ စေတီ ၊ အုတ်ကုန်း တွေရှိနေတယ်ဆိုတာ သိရပေမယ့် တကယ့်လက်တွေမှာ အဲဒီနေရာတွေဆီကို လွယ်လွယ်ကူကူဝင်ရောက်လေ့လာဖို့ လုံးဝမလွယ်ကူလောက်အောင်ကို မြို့ဟောင်းဧရိယာအတွင်းမှာ သစ်ပင်တွေပေါက်ရောက်နေတာပါ ။ လက်ရှိအခြေအနေအရ သာမန်လေ့လာသူတစ်ယောက်အနေနဲ့ ခြုံတောထဲက ရှေးဟောင်းဘုရားတွေကို တွေ့ရဖို့ သိပ်ကိုခက်ပါတယ် ။
သူစိမ်းဧည့်သည်လေ့လာသူတစ်ယောက်က အခုမှစတွေ့ဖူးတဲ့ဆိုင်ကယ် ကယ်ရီသမားတစ်ယောက်နဲ့ ကိုယ်တစ်ခါမှမရောက်ဖူးတဲ့ဒေသထဲက တောတွေ ၊ ခြုံတွေထဲတိုးပြီးလေ့လာဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး ။ ဒီလိုနေရာတွေကို ခရီးသွားရင် အထူးသတိထားရပါတယ် ။
ဒါကြောင့် မြောင်းမြမြို့ဟောင်းရဲ့ တကယ့်အပေါ်ယံလောက်ကိုသာ လေ့လာလည်ပတ်ပြီးပြန်ခဲ့ရတာပါ ။ ကျွန်တော့အတွက်တော့ မြောင်းမြမြို့ဟောင်းရဲ့ လက်ရှိအခြေအနေဟာ သိပ်ကိုလျှို့ဝှက်လွန်းပါတယ် ။ လျှို့ဝှက်လွန်းတဲ့ အဲဒီမြို့ဟောင်းကြီးဆီကို နောက်ထပ်ရောက်ဖြစ်အုံးမှာပါ ။ အဲဒီခါကျရင် နေရာအစုံ လေ့လာဖို့ အခွင့်သာလိမ့်မယ်လို့ မျော်လင့်မိပါတယ် ။
(ရန်နောင်စိုး)
အကိုးအကား ။ ။ မြောင်းမြဒေသပတ်ဝန်းကျင်ယဉ်ကျေးမှုနယ်မြေအားကွင်းဆင်းလေ့လာခြင်းအစီရင်ခံစာ (၂၀၁၁) နှင့် မြောင်းမြမြို့ဟောင်း (အောက်ပုဂံယဉ်ကျေးမှု) ဝန်းကျင်ကွင်းဆင်းလေ့လာမှုအစီရင်ခံစာ (၂၀၀၅)