ပန်ဝါမြို့ဆိုတာ မြန်မာပြည် မြောက်ဖျား ကချင်ပြည်နယ် ၊မြစ်ကြီးနားခရိုင် ၊ ချီဖွေမြို့နယ်ထဲက ကချင်အထူး ဒေသ(၁) မှာရှိတဲ့ မြို့တစ်မြို့ပါပဲ။
တရုတ် ၊မြန်မာနယ်စပ်မြို့လေးဖြစ်ပါတယ်။ မေခမြစ်ကမ်းပေါ်ရှိတဲ့ ချီဖွေ မြို့နဲ့ ဆိုရင် မိုင်(၄၀)ခန့်ဝေးကြောင်းသိရပါတယ်။
ပန်ဝါမြို့လေးက မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ် အရှေ့မြောက်မှာရှိတဲ့ ချီဖွေချောင်းဖျားနဲ့တရုတ်နိုင် ငံ ထိန်ချုံးခရိုင် တိန့်ထန်းဆိုတဲ့နယ်စပ်မြို့လေးနဲ့ ထိစပ်လျက်ရှိတဲ့ တောင်ကြားမြို့လေးဖြစ်ပါတယ်။
တောင်တန်းနှင့် တောင်စောင်းများ ဝန်းရံထားတာဖြစ်ပြီး ဧရိယာစတုရန်းမိုင် (၁၃၅၅) မိုင် အကျယ်အဝန်းရှိပြီး မြေပြန့်လွင်ပြင် နည်းပါးတဲ့ ဒေသတစ်ခုဖြစ်ကြောင်း ၊
ကချင်တိုင်းရင်းသား အနွယ်ဝင် လော်ဝေါ်၊ လချိတ်၊ လီဆူ မျိုးနွယ်တို့ အများစု နေထိုင်ကြကြောင်း၊
ဘာသာဝင်အများစုမှာ ခရစ်ယန်များ ဖြစ်ကြပြီး စိန်ပေါလ်ကက်သလစ် ဘုရားကျောင်းမှာထင်ရှားကြောင်းသိရပါတယ်။
ဗုဒ္ဓဘာသာအနေနဲ့ ဘုရားစေတီနှစ်ဆူနဲ့ဘုန်းကြီးကျောင်း တစ်ကျောင်းရှိပြီး မြို့ပေါ် အမှတ်(၁)ရပ်ကွက်ရှိ ဇမ္ဗူငြိမ်းစေတီတော်၊ မြို့ဦးဘုန်းကြီးကျောင်းတိုဖြစ်ကြောင်းသိရပါတယ်။
ပန်ဝါမြို့နယ်မှာ မြို့ပြနဲ့ကျေးလက်လူဦးရေ စုစုပေါင်း ၈၀၀၀ ကျော်နေထိုင်ကြကြောင်း၊
ရာသီဥတု အနေနဲ့ အအေးဆုံးကာလမှာ ရေခဲအမှတ်အောက်(-၁၀)ဒီဂရီဆဲလ်ဆီးယပ် အထိရှိပြီး၊
အမြင့်ဆုံး အပူချိန် အနေနဲ့(၁၈) ဒီဂရီဆဲလ်ဆီးယပ်အထိသာ ရှိတာကြောင့် တစ်နှစ်ပတ်လုံး အေးနေတဲ့ရာသီဥတုသာ ရှိကြောင်း သိရပါတယ်။
စိုက်ပျိုးမြေရှိသော်လည်း ချဉ်စော်ကားသီးကိုသာစိုက်ပျိုးကြပြီး သတ္တုတွင်းလုပ်ငန်းများကို အများစု လုပ်ကိုင်ကြကာ
နယ်စပ်မြို့ဖြစ်တာကြောင့် ကုန်သွယ်မှုကို အဓိကလုပ်ကိုင်ကြကြောင်း၊အစိုးရဌာန ဆိုင်ရာ အဖွဲ့အစည်း စုစုပေါင်း ၁၇ ခုရှိကြောင်းသိရပါတယ်။
ကချင်ပြည်နယ် တရုတ်-မြန်မာနယ်စပ်မှာတည်ရှိတဲ့ ပန်ဝါမြို့လေးက ဒီဇင်ဘာ၊ ဇန်နဝါရီလိုကာလတွေမှာတော့ ဥေရာပ နိုင်ငံတွေလို ဆီးနှင်းတွေဖုံးလွှမ်းလေ့ရှိပါတယ်။
ကိုရီးယားရုပ်ရှင်ဇာတ်လမ်းတွေထဲကလို ဆီးနှင်းတွေဆော့ကစားရင်း ဓာတ်ပုံရိုက်လို့ရတဲ့အတွက် အခုနောက်ပိုင်းနှစ်တွေမှာ သွားရောက်လည်ပတ်သူတွေက အွန်လိုင်းမှာတင်ရာကနေ လူသိ ထင်ရှားလာပြီး
ခရီးသွားလုပ်ငန်းတွေကလည်း ပန်ဝါမြို့ကိုသွား ရောက်လည်ပတ်တဲ့ခရီးစဉ်တွေစီစဉ်လာကြတဲ့အတွက် အလွယ်တကူသွားရောက်လည်ပတ်လို့ရပါပြီ။
နှစ်စဉ် ပန်ဝါမြို့ကို လာရောက်လည်ပါတ်သူသာမက အမှတ်သုံး နယ်စပ်မှတ်တိုင် အနီးရှိ ရေခဲချောင်းကိုလည်း လာရောက်သူ များပြားလှပါသည်။
တကယ်လို့ ခရီးသွားလုပ်ငန်းတွေပြန်လည်ဖွံ့လာလို့ ပန်ဝါမြို့ကို အလည်အပတ်သွားချင်ပြီဆိုရင်တော့ သွားနိုင်တဲ့လမ်းကြောင်း နှစ်ခုရှိကြောင်းသိရပါတယ်။
ပထမလမ်းက အလွယ်ကူဆုံး လမ်းတစ်လမ်းဖြစ်တဲ့ (မြစ်ကြီးနား-ကန်ပိုက်တီ)လမ်းဖြစ်ကြောင်း၊ တရုတ်ပြည်လမ်းကနေ မြန်မာပြည်ကို ပြန်ဝင်တဲ့လမ်းဖြစ်ပါတယ်။
အဲဒီလမ်းကို အသုံးပြုမယ်ဆိုရင် တရုတ်ပြည်ကနေ မြန်မာပြည်ထဲပြန်ဝင်ရတာကြောင့် တရုတ်ပတ်စပို့လုပ်ရကြောင်းသိရပါတယ်။။
ဒုတိယလမ်းဖြစ်တဲ့ (မြစ်ကြီးနား-ချီဖွေ)လမ်းကို အသုံးပြုမယ်ဆိုရင် လမ်းမှာ တစ်ညအိပ်နစ်ရက်ကြာပြီး မြေနီလမ်းတွေက ပိုများကြောင်းသိရပါတယ်။
ပထမလမ်းဖြစ်တဲ့ကန်ပိုက်တီလမ်းကနေသွားရင် ကားစီးချိန် ၅ နာရီပဲကြာကြောင်း၊လမ်းသိစရာ မလိုကြောင်း၊ ကားစင်းလုံးငှားနိုင်သလို လှိင်းကားများလည်းရှိကြောင်း၊
တရုတ်နိုင်ငံကနေ ဖြတ်သွားမှာဖြစ်တဲ့အတွက် ကန်ပိုက်တီဂိတ်တွင် ပတ်စ်ပို့လုပ်ရမှာဖြစ်ကြောင်း၊
မှတ်ပုံတင်မိတ္တူတစ်ခု၊ လှိင်စင်ပုံနစ်ပုံပေးလိုက်ရင် ပတ်စပို့လုပ်ပေးပါကြောင်း၊အများဆုံး ၁၅ မိနစ်ပဲကြာကြောင်း၊ယင်း ပတ်စ်ပို့က တရုတ်ပြည်မှာ ၁၄ ရက် သွားလာခွင့်ရှိကြောင်း၊
ပန်ဝါ အဝင်ဂိတ်တွင် မှတ်ပုံတင် ပတ်စပို့ ပြန်ပြရပါ ကြောင်း၊ပန်ဝါမြို့တွင် တည်းခိုဖို့ ဟိုတယ်တွေမသိရင် လဝကဝန်ထမ်းနဲ့ ရဲများကို အကူညီတောင်းနိုင် ကြောင်းသိရပါတယ်။
ဒုတိယလမ်းကနေ ပန်ဝါကိုသွားရင် မြစ်ကြီးနားကနေ ချီဖွေ ကားတစ်ရက် စီးရကြောင်း၊ချီဖွေမှာ တစ်ည အိပ်ရကြောင်း၊တည်းခိုခန်းတွေ အများကြီးရှိကြောင်း၊
အဆိုပါလမ်းတွင် တောတောင် သဘာဝအလှတွေကို အများကြီးတွေ့ရှိခံစားရမှာဖြစ်ကြောင်း၊
မေခမြစ်အတိုင်း တက်သွားရမှာဖြစ်ပြီး နောက်တစ်နေ့ ကားနဲ့ထွက် ရင် ညနေ ၂ နာရီလောက်တွင် ပန်ဝါမြို့ကိုရောက်ပါကြောင်းသိရပါတယ်။
ပန်ဝါမြို့တွင် လည်ပတ်ပြီးပါက ကန်ပိုက်တီလမ်းမှလည်း ပြန်လို့ရနိုင်ကြောင်း သိရပါတယ်။
ဆိုင်ကယ်စီးဝါသနာရှင်တွေကတော့ မြစ်ကြီးနား ချီဖွေ ပန်ဝါလမ်း ကို ဆိုင်ကယ် သွားလို့ရပါတယ်။
မှတ်ချက်။ မြစ်ကြီးနားမှာ မိုးတွေအုံ့ပြီးမြူတွေ ကျနေရင်တော့ ပန်ဝါမှာ နှင်းကျတတ်ပါတယ်နော်။ မြစ်ကြီးမြို့ရောက်ရင်ခန့်မှန်းနိင်ဖို့ပါ။
မူရင်း ခရက်ဒစ်