အန်တီ စိန်မမမောင်ရဲ့ သဇင်ပန်းစိုက်နည်း၊ ဖွားစိန် သဇင်စိုက်နည်းလေးပြောပြမယ်နော် ဝယ်ရတဲ့သဇင်တွေက တောဥတွေ ဆိုတော့ တလုံးချင်းရအောင် အရင်သန့်ရတယ်။ ရလာတဲ့သဇင်ဥလေးတွေကို အမြစ်ညှပ်ပေးရတယ်။
တုံးတိကြီးတော့ မဟုတ်ဘူးနော် ညှပ်ထားပြီးသား ဥလေးတွေကို သွားထိုးတံလေးနဲ့ သဇင်ဥရဲ့ သုံးချိုးတစ်ချိုးလောက်ကနေ ထိုးပြီး ရေချထားတဲ့ သဇင်တိုင်ပေါ်မှာ ခပ်ထောင်ထောင်လေး စိုက်လိုက်တယ်လေ။
ဖွားစိန်ကတော့ ဘိုးမောင်တီထွင်ပေးတဲ့ ပန်းစိုက်ခုံလေးနဲ့လဲပြီး ထိုင်စိုက်ပါတယ်။ တိုင်ကအနည်းဆုံး ၁၃၀ လောက်စိုက်ရတာမို့ သက်သာတယ်လေ။ နည်းနည်းစိုက်သူတွေကတော့ မတ်တပ်ရပ် စိုက်လို့ရပါတယ်။ သဇင်ဥကိုလည်း တုတ်ထိုးမထားဘဲ တခါထဲစိုက်လို့ရတယ်နော်။
သဇင်တိုင်နဲ့ဆေး အသုံးပြုတာလေးလည်း သိချင်ကြတယ်ဆိုလို့ ပြောပြအုံးမယ်နော်။ ဖွားစိန်က သဇင်တွေအများကြီးစိုက်ချင်တော့ တိုင်လုပ်တဲ့သူကိုလည်း အပိုင်မွေးထား ရတယ်လေ။ ရောက်လာတဲ့တိုင်တွေမှာက အုန်းမွှေးတွေနဲ့မသပ်ရပ်ဘူးလေ။
ဖွားစိန်ကတော့ အားတဲ့အချိန်လေး ခြံထဲဆင်းပြီး ကတ်ကျေးလေးနဲ့ညှပ်လိုက်တယ်။ တိုင်တွေကို မစိုက်ခင် အုန်းအညိုရေတွေ ကျသွားအောင် ရေနာနာလောင်းထားရတယ် ဖွားစိန်က စီးပွားဖြစ်စိုက်တော့ အုန်းတိုင်တွေကို မှိုဆေးဖြန်းလိုက်တယ်။
စိုက်မဲ့နေ့ကျတော့ သန့်စင်ပြီး သဇင်တွေကို မြစ်ပွားဆေးလေးစိမ်တယ်။ ရေတဂါလံကို ၅၊ ၆ စက်လောက်ထည့်ရင် ရပါပြီ သဇင်တွေကို တိုင်ပေါ်စိုက်ပြီးရင်တော့ ၅ ရက် တပတ် ရေမလောင်းဘဲထားလိုက်ပါ သွားထိုးတံနဲ့ထိုးထားတဲ့ဆီက ရေဝင်ပြီး ပုတ်တတ်လို့ပါ။ ထင်နေတတ်ကြတာက အခုစိုက်တဲ့ မအေဥက နောက်နှစ်ပွင့်တယ် ထင်ကြတယ်။
စိုက်ဥက အရွက်အရင်ထွက်တယ်။ ပြီးမှဥလေးဖြစ်လာပြီး ဥသစ်ကမှ သဇင်ပန်း လှလှလေးတွေ ပွင့်တာပါရှင့် ဖွားစိန်သိသလောက်လေးတော့ ပြောပြမယ်နော်။ ရခိုင်သဇင် ထားဝယ်သဇင် သာယာဝတီသဇင် ဘားအံ သဇင်ဆိုပြီး စျေးကွက်မှာ ခေါ်နေကြတာပါ။
ရခိုင်သဇင်ကို နတ်ပန်းလို့ ဒေသခံတွေကယူဆပြီး ရခိုင်တောနက် ပလက်ဝမြို့နယ်ဖက်ကထွက်တယ်။ ထားဝယ်သဇင်ဆိုတာက တနင်္သာရီတိုင်း တောနက်ထဲကထွက်တာပါ။ ဘိတ်ဘက်ကလည်းလာတယ် သူတို့ဒေသခံတွေကတော့ ဘူပန်းလို့ ခေါ်ကြတယ်။
သာယာဝတီဥကတော့ သူ့ခရိုင်ထဲက အုတ်ဖိုမြို့နယ်ထဲက ထွက်တာပါ။ သူက ပဲခူးရိုးမ တောနက်ထဲကထွက်တာမို့ ရိုးမဥလို့လည်း ခေါ်ကြတယ်။ ဘားအံဥကလည်း တကယ်တော့ ကရင်ပြည်နယ် ကျိုက်ဒုံဒေသက အဓိက ထွက်တာပါ။
အားလုံးကတော့ ပူအိုက်စွတ်စိုရာသီဥတုကိုပဲ ကြိုက်ကြတယ်။ စျေးကတော့ ထားဝယ် ဥက လူကြိုက်များတော့ စျေးအမြင့်ဆုံးပေါ့။ ပြီးရင် ရခိုင်ဥပါ ရိုးမနဲ့ကရင်ဥကတော့ စျေးသိပ်မကွာပါဘူး။ သဇင်ဥကို တုတ်ထိုးစိုက်လို့ ထိခိုက်မှုမရှိဘူးနော်။ မျိုးဥဖြစ်တဲ့ အတွက် သူကနေ ပြန်ပွားတဲ့အသစ်ပင်ကိုပဲ ဖွားစိန်တို့က အပင်သန်အောင် ဥကြီးအောင် အပွင့်လှအောင် လုပ်ကြရမှာလေ။
သဇင်က အသက်ပြင်းတယ်ရှင့် သွားထိုးတံ အုန်းလက်ရိုး ဥသေးရင် ပင်အပ် စတာတွေနဲ့ ထိုးပြီး စိုက်တာတောင် အပင်ပွားကလေး တွေ မွေးပေးနိုင်တယ်လေ။ တချို့ကတော့ အမြစ်တွေမညှပ်ဘဲ အုန်းဆံကြိုးသေးသေး/ ပလပ်စတစ်ကြိုးလေးတွေနဲ့ ပတ်ချည်စိုက်ရင်တော့ ရပါတယ်။ ရေလောင်းရင် ပြုတ်မကျအောင်တော့ ဂရုစိုက်ရမယ်။
အပြင်လိုက်ကြီးတွေ့ရရင်တော့ သစ်တုံးမှာအပ်ချည်ကြိုး ခိုင်ခိုင်နဲ့ ပတ်ချည်လို့ ရတာပါပဲ။ အဲ့ဒါတွေက အပျော်နဲနဲစိုက်ရင်တော့ ရပါတယ်။ ဖွားစိန်လို များများစိုက်သူအဖို့ကတော့ ခုလို ဖွားစိန်စိုက်တဲ့နည်းကတော့ အဆင်အပြေဆုံးပါ။ သဇင်ဥတွေက ခြောက်လည်း အချိန်တန် အရွက်စို့ထွက်တာပါပဲ။ ခြောက်တယ်ဆိုပြီး ရေမလောင်းမိဖို့တော့ လိုပါတယ်။ မတ်လကုန်ထိစိုက်ချိန်ရပါတယ်ရှင့်။ နောက်မှထပ်ပြောမယ်နော် သဇင်ဆက်စိုက်လိုက်အုံးမယ်။ Khin Nyein Chan Oo၊ ဖွားစိန် (မူရင်းရေးသားသူအား လေးစားမှုဖြင့် – credit)