International News

ပျောက်သွားတဲ့သားကို ၃၂နှစ်ကြာ ဇွဲမလျော့တမ်း ရှာခဲ့တဲ့မိခင်

ကလေးဘဝကတည်းက ပြန်ပေးဆွဲခံခဲ့ရတဲ့လူတယောက်ဟာ နှစ်ပေါင်း ၃၂နှစ်အကြာမှာ သူ့မိဘရင်းတွေနဲ့ ပြန်တွေ့ခဲ့ပြီးတဲ့နောက် နာမည်ကျော်ပြန်ပေးဆွဲမှုဟာ အဆုံးသတ်ခဲ့ပါတယ်။Mao Yin လို့အမည်ရတဲ့သူဟာ ၂နှစ်သားအရွယ်ကတည်းက တရုတ်နိုင်ငံ Shaanxi ပြည်နယ်ရဲ့မြို့တော် Xian မှာ ပျောက်သွားခဲ့တာဖြစ်ပါတယ်။ ပြန်ပေးဆွဲခဲ့သူက သူ့အား ၁၉၈၈ခုနှစ်မှာ ကလေးမွေးစားချင်နေတဲ့ တခြားမိသားစုထံရောင်းစားခဲ့တာပါ။

မွေးစားမိဘတွေက သူ့နာမည်ကို Gu Ningning လို့ အမည်ပြန်ပြောင်းပေးခဲ့ပါတယ်။ လက်ရှိမှာ အိမ်အလှပြင်ဆင်ရေးလုပ်ငန်းကို လုပ်ကိုင်နေတဲ့ Mao ဟာ ဟာ မေလအစောပိုင်းမှာ Xian ရဲဌာနရဲ့ မျက်နှာခန့်မှန်းမှုနည်းပညာအသုံးပြုကာ Scan ဖတ်ခြင်းကို ခံခဲ့ရပါတယ်။ အဲဒီကနေတဆင့် DNA စမ်းသပ်မှုပြုလုပ်အပြီးမှာတော့ သူဟာ ကလေးငယ် တယောက်နဲ့ DNA တူနေကြောင်း တွေ့ရှိခဲ့ရပါတယ်။

ရဲဌာနဟာ ကလေးပျောက်တိုက်တန်းပြီး သူ့ကလေးကိုဇွဲမလျော့တမ်းရှာဖွေလျက်ရှိတဲ့ မိခင်ဖြစ်သူ Li Jingzhi ထံအကြောင်းကြားခဲ့ပါတယ်။ တိုက်ဆိုင်စွာပဲ အဲဒီနေ့ဟာ တိုက်ဆိုင်စွာပဲ မိခင်များနေ့ဖြစ်နေပါတယ်။ ဝမ်းသာလုံးဆို့ကာ ငိုနေရင်းနဲ့ “ဒါဟာ အမေများနေ့မှာ ကျွန်မရရှိလိုက်တဲ့ အကောင်းဆုံး လက်ဆောင်ပါလို့”၀ ဆိုခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲအပြီးမှာတော့ သားဖြစ်သူကို နှစ်ပေါင်း ၃၀ကျော်ကြာ ခွဲသွားရတဲ့ မိဘနှစ်ပါးဟာ ငိုကာ သားဖြစ်သူကိုဖက်ရင်း နောက်ထပ်မခွဲချင်တော့ဘူး လို့ ပြောဆိုခဲ့ပါတယ်။ သားဖြစ်သူကလည်း သူ့ရဲ့မိဘရင်းတွေနဲ့ပဲ ပြန်နေတော့မယ်လို့ ပြန်ဖြေခဲ့ပါတယ်။

သူ့ကို ပျောက်ဆုံးသွားခဲ့ချိန်က ၁၉၈၈ ခုနှစ်ဖြစ်ပြီး Jinling အမည်ရဟိုတယ်အနီးမှာဖြစ်ပါတယ်။ ရေသွားသယ်တဲ့ ဖခင်ဖြစ်သူနဲ့ လိုက်သွားရင်း ဖခင်မမြင်လိုက်တဲ့ မိနစ်အနည်းငယ်အတွင်းမှာ ပျောက်သွားခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းက စလို့ မိဘနှစ်ပါးဟာ နေရာအနှံ့သွားကာ အမြဲလိုလို သားဖြစ်သူကို လိုက်လံရှာဖွေနေခဲ့ကြပါတယ်။

သားဖြစ်သူကို လိုက်လံရှာဖွေရင်း လူပျောက်ကြော်ငြာလက်ကမ်းစာစောင်ပေါင်း ၁သိန်းကျော်ကို ရောက်ရာနေရာမှာ ကပ်ခဲ့ကြပါတယ်။ ၁ နှစ် ၂နှစ် ကနေ ၁၀နှစ်အထိ သဲလွန်စ တစုံတရာမှ မတွေ့ခဲ့ရပေမယ့် သူတို့ဇွဲမလျှောက်ခဲ့ပဲ သားပျောက်ကို ရှာဖွေခဲ့ကြပါတယ်။

မိခင်ဖြစ်သူ Li ဟာ ၁၉၉၉ ခုနှစ်ကတည်းက စတင်လို့ တီဗီအစီအစဉ်ပေါင်းများစွာမှာပါဝင်ခဲ့ပြီး နိုင်ငံအနှံ့မှာ ပျောက်ဆုံးသွားခဲ့တဲ့ ကလေးပေါင်းထောင်ချီရဲ့ဖြစ်ရပ်ကို လူအများသိစေဖို့ လှုံဆော်မှုတွေ မရပ်မနားပြုလုပ်ခဲ့ပါတယ်။ တနေ့နေ့မှာ သားဖြစ်သူဟာ ဒီအစီအစဉ်ကို ကြည့်မိလိမ့်မယ်လို့ သူမ မျှော်လင့်ခဲ့လို့ ဖြစ်ပါတယ်။

သားဖြစ်သူကို ရှာဖွေနေရင်းနဲ့ပဲ မိခင်ဖြစ်သူ Li ဟာ ၂၀၀၇ ခုနှစ်မှာ ကလေးငယ်တွေကို လိုက်လံရှာဖွေပေးနေတဲ့ ပရဟိတအဖွဲ့အစည်းကြီးတခုဖြစ်တဲ့ Baby Come Home မှာ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ခဲ့ပါတယ်။ အဲဒီမှာ ပျောက်ဆုံးသွားတဲ့ကလေးငယ်ပေါင်းများစွာကို ခြေရာခံရှာဖွေပေးခဲ့ပါတယ်။ အဲဒီမှာ သူဟာ ကလေးငယ်ပေါင်းများစွာကို ပြန်လည်ကယ်တင်ကာ မိဘရင်းတွေနဲ့ ဆုံစည်းပေးနိုင်ခဲ့ပြီး မိသားစုပေါင်း ၂၀ကျော်ကို ပျော်ရွှင်စေခဲ့ပါတယ်။

” ဆယ်စုနှစ် ၂ခုကြာအောင် ကျွန်မသားကို ရှာခဲ့တယ်။ ကျွန်မဘယ်လောက်နေရထိုင်ရခက်ပြီး စိတ်ထိခိုက်ရတယ်ဆိုတာ ကျွန်မကိုယ်ကျွန်မ သိပါတယ်။ တခြားကလေးပျောက်မိဘတွေလည်း ကျွန်မလိုပဲခံစားကြရမှာပါ။ ဒါကြောင့် ပျောက်သွားခဲ့တဲ့ ကလေးတွေကို ကျွန်မ အစွမ်းကုန်ရှာဖွေခဲ့တာပါ” လို့ သူမက ဆိုပါတယ်။

သူမရဲ့ သားပျောက်ရှာခရီးရှည်ကြီးမှာ တွေ့နိုင်မယ်လို့မျှော်လင့်တဲ့ နေရာပေါင်း ၃၀၀ကျော်အထိ မမောတမ်းသွားရောက်ရှာဖွေခဲ့ပေမယ့် ၁ခါမှ မတွေ့ခဲ့ပါဘူး။ ရှာဖွေရင်းနဲ့ နေရာအနှံ့က ရဲစခန်းတွေကိုလည်း ထပ်ခါထပ်ခါသွားကာ သားဖြစ်သူရဲ့အချက်အလက်တွေကို ပေးကာ အမြဲတစေတိုက်တွန်းနေခဲ့ပါတယ်။ ပြီးခဲ့တဲ့လကတော့ သူမကို သားဖြစ်သူကို ပြန်လည်တွေ့ပြီဖြစ်ကြောင်း ရဲဌာနက အကြောင်းကြားလာခဲ့ပါတယ်။

နှစ်ပေါင်း ၃၀ကျော် သားဖြစ်သူကို ဇွဲမလျော့တမ်းရှာဖွေနေခဲ့တဲ့ မိခင်ခဗျာ ဘယ်လောက်ဝမ်းသာလိုက်လေမလဲ။ ရဲဌာနရဲ့ စစ်ဆေးမှုအရ သားဖြစ်သူကို ပြန်ပေးဆွဲခဲ့သူဟာ ၆၀၀၀ယွမ်(၈၄၅ဒေါ်လာ) နဲ့ ရောင်းစားခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။ သားဖြစ်သူဟာ စီချွမ်ပြည်နယ်က မွေးစားမိဘတွေထံမှာပဲ သူ့ဘဝတလျှောက်လုံးကို ဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်ကစလို့ တရုတ်ပြည်သူ့ကာကွယ်ရေးဝန်ကြီးဌာနဟာ ပျောက်ဆုံးကလေးတွေကို ပြန်ရှာဖွေရာမှာ အထောက်အကူပြုစေမယ့် DNA စနစ်ကို တရုတ်နိုင်ငံတလွှားမှာ ဖြန့်ထားပေးခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ Reunion ဆိုတဲ့ အွန်လိုင်းထောက်လှမ်းခြင်း စနစ်ကို အဆင့်မြှင့်တင်ခဲ့ပြီး ဒီစနစ်ကြောင့်ပဲ ပျောက်ဆုံးကလေး ၆၃၀၀ခန့်ရှိတဲ့အနက် ၄၃၈၅ ဦးကို ပြန်လည်ရှာဖွေပေးနိုင်ခဲ့ပါတယ်။

credit – thutazone