ဗဟုသုတ

သွေးအမျိုး အစားကနေ ပြောပြနေတဲ့ သင့်ရဲ့စိတ်‌နေသဘောထားက ဘာတွေလဲ ဝင်ကြည့်လိုက်

“လူအမျိုးမျိုး စိတ်အထွေထွေ” ဆိုတဲ့ ရှေးလူကြီးတွေရဲ့ ဆိုရိုးစကားအတိုင်း ဒီကမ္ဘာကြီးပေါ်မှာ ရှိတဲ့လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် စိတ်နေသဘောထားတွေ တူနိုင်ကြမှာ မဟုတ်ပါဘူး။သို့ပေမယ့် တူညီတဲ့အချက်တစ်ချို့ကို ဘုံထုတ်ပြီး သွေးအမျိုးအစားအလိုက် ခွဲခြမ်းစိတ်ဖြာထားတဲ့ စစ်တမ်းတစ်ရပ်ကို စာဖတ်ပရိသတ်တွေ သိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

“A” သွေး ပိုင်ရှင်များ

ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေ လေးဆယ်ရာခိုင်နှုန်းလောက်က “A”သွေးပိုင်ရှင်တွေ ဖြစ်ပါတယ်။ ဒီသွေး အမျိုးအစားပိုင်ရှင်တွေဟာ ကျိုးကြောင်းဆီလျော်အောင် တွေးခေါ်ပေးတတ်ပြီး နားလည်ပေးနိုင်စွမ်းရှိသူတွေလည်း ဖြစ်ပါတယ်။ဒါ့အပြင် အသင်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ရာမှာလည်း အေးအေးဆေးဆေး တည်ငြိမ်လေ့ရှိသူတွေပါ။ ဒါပေမယ့် သူတို့ဟာ ဘဝကို ကိုယ့်ဘာသာ စိတ်ကြိုက်ရွေးချယ်တည်ဆောက်လေ့ရှိပြီး စိတ်ခံစားမှုတွေကို ဦးစားပေးတတ်သူတွေ မဟုတ်ပါဘူး။

ရင်ထဲက စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်စွမ်းရှိပေမယ့် ဘာအရာမှာမဆို ပြီးပြည့်စုံလုနီးပါးဖြစ်မှ ကြိုက်တတ်တဲ့ အကျင့် ကြောင့် တစ်ခါတစ်ရံမှာ ဂွကျတယ်လို့ သတ်မှတ်ခြင်း ခံရတတ်ပါတယ်။အသေးစိတ်ကို ဂရုစိုက်လွန်းလို့လည်း တိကျမှကြိုက်ပြီး ပွစိပွစိပြောတတ်တဲ့ အကျင့်လည်း ရှိပါတယ်။စိတ်အပြောင်းအလဲ မြန်သလို တစ်ခါတစ်ရံမှာ အရမ်းကို နားလည်ကူညီတတ်ပေမယ့် တစ်ခါတစ်ရံမှာတော့ အရမ်းခေါင်းမာပြီး ပြောရဆိုရ လက်ပေါက်ကပ်တတ်ပါတယ်။

“B” သွေး ပိုင်ရှင်များ

ကမ္ဘာ့လူဦးရေရဲ့ ဆယ့်တစ်ရာခိုင်နှုန်းလောက်က “B” သွေးပိုင်ရှင်တွေပါ။ ဒီသွေးအမျိုးအစား ပိုင်ရှင်တွေမှာ စိတ်ခံစားမှုပြင်းပြခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းစတဲ့ အမူအကျင့်ကောင်းတွေ ရှိနေပေမယ့် ရှေ့နောက် မဆင်ခြင်ဘဲ စိတ်ထင်ရာလုပ်တတ်ပြီးဘေးလူတွေ အနေနဲ့ ခန့်မှန်းရ ခက်ခဲလေ့ရှိပါတယ်။ သူတို့ဟာ တီထွင်ဖန်တီးမှုနဲ့ ပတ်သတ်တဲ့ ဘယ်ကိစ္စကိုပဲ လုပ်လုပ် စိတ်ခံစားမှုအပြည့်နှစ်ပြီး လုပ်တတ်သလို ဘေးလူတွေကိုလည်း လှုံဆော်မှုပေးနိုင်စွမ်း ရှိတဲ့သူတွေပါ။ဒါပေမယ့် တစ်ခါတစ်လေတော့ အရမ်းတစ်ကိုယ်ကောင်းဆန်လွန်းပြီး ကိစ္စမပြီးမချင်း သူတို့ကိုယ်တိုင်ကလွဲရင် တစ်ခြားလူ ဘယ်လိုမှ မသိနိုင်တဲ့ကိစ္စမျိုးတွေကို လုပ်လေ့လည်း ရှိပါတယ်။

“O” သွေး ပိုင်ရှင်များ

ကမ္ဘာ့လူဦးရေရဲ့ လေးဆယ့်ငါးရာခိုင်နှုန်းလောက်က “O” သွေးပိုင်ရှင်တွေ ဖြစ်ပါတယ်။ ဒီသွေးအမျိုးအစား ပိုင်ရှင်တွေကတော့ ဘာမဆို သတိကပ်ပြီးမှ ဆောင်ရွက်လေ့ရှိသလို တာဝန်ယူတဲ့စိတ်လည်း ရှိပါတယ်။စည်းကမ်းလိုက်နာတတ် သူတွေဖြစ်ပြီး ပြောစရာရှိလည်း အားမနာစတမ်း ပွင့်ပွင့်လင်းလင်း ဒဲ့ပြောလေ့ရှိတဲ့ သူတွေပါ။သူတို့ဟာ ယုံကြည်လို့ရတဲ့သူတွေဖြစ်သလို ကိုယ်စတဲ့အလုပ် ကိုယ်တိုင်အဆုံးသတ်ဖို့ကို အစွမ်းကုန်ကြိုးစား လေ့ရှိသူတွေပါ။

လူတစ်ဖက်သား စိတ်ချမ်းသာဖို့ ဖြေသိမ့်ပေးတာမျိုး၊ တစ်ဖက်သား စကားကိုနားထောင်ပေးတာမျိုး နဲ့ နားလည်ပေးတာမျိုးစတဲ့ ကိစ္စမျိုးတွေမှာ “O” သွေးပိုင်ရှင်တွေဟာ အားကိုးလို့ရတဲ့ အဖော်မွန် ကောင်းတွေ ဖြစ်ပါတယ်။ဒါပေမယ့် သူတို့ဟာ အန္တရာယ်များတဲ့ အလုပ်မျိုးကို လက်ရှောင်လေ့ရှိပြီး သေချာတာတွေကိုပဲ ရွေးလုပ်နေတာကြောင့် မကြာခဏ အခွင့်အရေးကောင်းတွေကို လက်လွှတ်ဆုံးရှုံးရလေ့ ရှိပါတယ်။

“AB” သွေး ပိုင်ရှင်များ

ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေ လေးရာခိုင်နှုန်းလောက်သာ “AB” သွေး ပိုင်ရှင်တွေ ဖြစ်ကြပြီး အလွန်ရှားပါတယ်။ဒီသွေးပိုင်ရှင်တွေမှာ မွေးရာပါ ခေါင်းဆောင်အရည်အသွေး ပိုင်ဆိုင်ထားသူတွေများပြီး ရည်မှန်းချက်ကြီးမားသူ တွေဖြစ်ကာ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်လည်း အလွန်ပြင်းထန်ပါတယ်။သူတို့တွေဟာ ဘယ်သူတစ်ဦးတစ်ယောက်ဆီကမှ အလကားရဖို့ကို မမျှော်လင့်တတ်ကြသလို တစ်ခုယူရင် တစ်ခုပြန်ပေးတတ်တဲ့ အကျင့်ရှိသူတွေပါ။

ဒါကြောင့်မို့လို့လည်း သူများတွေဆီက အကူအညီတောင်းခဲပါတယ်။“AB” သွေးပိုင်ရှင်တွေဟာ သူတို့ကိုယ်ပိုင် အယူအဆ၊ အတွေးအခေါ်တွေ ချမပြခင် တစ်ဘက်သားဘက်ရဲ့ အယူအဆ၊ အတွေးအခေါ်တွေကို အရင်နားလည်အောင် ကြိုးစားလေ့ရှိပါတယ်။သူတို့ဟာ အမှန်တရားကိုပဲ မြတ်နိုးတတ်ကြပြီး အဆင်ပြေအောင် လိမ်လည်ပြောဆိုမှုမျိုးကို အလွန်ပဲ မုန်းတီးတတ်ကြပါတယ်။

Cr