ဗဟုသုတ

မြန်မာ့ငလျင်ကြီးအတွက် ကြိုတင်ပြင်ဆင်ရန်လိုအပ်

မြန်မာ့ငလျင်ကြီးအတွက် ကြိုတင်ပြင်ဆင်ရန်လိုအပ်

ကမ္ဘာပေါ်မှာ အမြင့်ဆုံးဖြစ်တဲ့ ဟိမဝန္တာတောင်တန်းက ဧဝရက်တောင်ထိပ်ဟာ နဂိုအမြင့်ထက် တစ်မီတာနီးပါးမြင့် တက်လာတယ်လို့ နီပေါနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ရဲ့ ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလအတွင်း ပူးတွဲကြေညာချက်အရသိခဲ့ရပါတယ်။ သည်လောက်ထုထည်ကြီးမားခိုင်ခံ့တဲ့ တောင်ကြီးဟာ ဘူမိသိပ္ပံပညာရှင်များရဲ့ တိုင်းတာထားမှုများအရ မြင့်တက်နေတယ်ဆိုတာ သိထားတာကြာပြီဖြစ်ပေမယ့် အခုလို သက်ဆိုင်ရာနိုင်ငံများက တိကျကျပြောကြားတာကတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

သာမာန်အားဖြင့် ဟိမဝန္တာတောင်တန်းကြီး တဖြည်းဖြည်းမြင့်တက်နေတယ်ဆိုတာကို ယုံချင်မှလည်း ယုံမှာပါ။ ဒါသဘာဝတရားအတိုင်းဖြစ်တာပဲလို့ စိတ်ဝင်စားမှု ရှိချင်မှလည်းရှိမှာပါ။ အမှန်အားဖြင့်ဆိုရရင် သည်ဖြစ်ရပ်ဟာ အာရှတိုက်၊ ဥရောပတိုက်မှာဖြစ်ပေါ်တတ်တဲ့ မြေငလျင်လှုပ်ခြင်းများနဲ့ ပတ်သက်နေတဲ့အတွက် သိထားသင့်တဲ့ အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ ငလျင်လှုပ်ခြင်းဟာ သဘာဝဘေးအန္တရာယ်တွေထဲမှာ ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်ပါတယ်။ အထူးသဖြင့် ယနေ့တိုင် ငလျင်လှုပ်မယ်ဆိုတာကို ကြိုတင်ခန့်မှန်းနိုင်တဲ့ကိရိယာ မပေါ်ပေါက်သေးတဲ့အတွက် အလွန်ကြောက်မက်ဖွယ်ဖြစ်ပါတယ်။

ငလျင်လှုပ်ခြင်းဟာ ဘူမိဆိုင်ရာဘေးအန္တရာယ် (Geol ogical Hazard) ဖြစ်ပြီး အပူပိုင်းမုန်တိုင်းက ရာသီဥတုဆိုင်ရာ၊ ကမ္ဘာ့ကပ်ရောဂါဘေးက သက်ရှိဆိုင်ရာ၊ အဏုမြူဓာတ်ငွေ့နဲ့ သယ်ယူပို့ဆောင်ရေး မတော်တဆထိခိုက်မှုများအန္တရာယ်က လူသားတို့ပယောဂနဲ့ဆိုင်ရာလို့ ခွဲခြားထားပါတယ်။ ဘူမိဆိုင်ရာဆိုတာက ကမ္ဘာမြေကြီးရဲ့ အပေါ်ယံအခွံပိုင်း ကျောက်လွှာများလှုပ်ရှားမှုနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။

ကမ္ဘာပေါ်မှာတွေ့နေရတဲ့ တိုက်ကြီးတွေနဲ့ သမုဒ္ဒရာကြီးတွေဟာ ကမ္ဘာ့အခွံပိုင်းမှာ တအိအိရွှေ့မြောနေတဲ့ ကျောက်ချပ်ကြီးများ (Plates) ပေါ်မှာ တည်ရှိနေတာဖြစ်ပါတယ်။ ဒါကို ဘူမိဗေဒပညာရှင်များက ကျောက်ချပ်များရွှေ့လျားခြင်း (သို့) တိုက်မျောခြင်းသီအိုရီ (Continental Drift Theory) လို့ အမည်ပေးထားပါတယ်။ မူလက တစ်ခုတည်းသော တိုက်ကြီးဟာ ကွဲထွက်သွားခဲ့ပြီး အခုလိုပုံစံတွေ့ရတာဖြစ်ပြီး သည်လိုရွှေ့လျားနေခြင်းဟာ ယခုတိုင်ဆက်လက်ဖြစ်ပေါ်နေတာကိုလည်း အထောက်အထားခိုင်မာစွာနဲ့ တင်ပြထားပါတယ်။

ရွှေ့လျားပုံလေးမျိုးရှိတဲ့အနက် အိန္ဒိယနဲ့ သြစတြေးလျကျောက်ချပ်ကြီးက မြောက်ဘက်ကိုရွှေ့ပြီး အာရှ-ဥရောပ ကျောက်ချပ်ကြီးက တောင်ဘက်ကိုရွှေ့တဲ့အတွက် ထိပ်တိုက်တွေ့ဆုံ (Collision) ပြီး ကျောက်လွှာအနားစွန်းမှာ တွန့်ခေါက်တောင်တန်း (Fold Mountain) အဖြစ် ဟိမဝန္တာတောင်တန်းကြီး ဖြစ်လာခဲ့တာဖြစ်ပါတယ်။ တွန့်ခေါက်မြင့်တက်ခြင်းဟာ ဆက်လက်ဖြစ်ပေါ်နေတဲ့အတွက် တဖြည်းဖြည်းခြင်းမြင့်တက်နေသော်လည်း နှစ်အနည်းငယ်အတွင်းမှာ သာမန်အားဖြင့် မမြင်နိုင်တဲ့အနေအထားဖြစ်ပါတယ်။ နှစ်ရာထောင်ကြာမှ အနည်းငယ်သာမြင့်တဲ့ အထောက်အထားတွေ့ရမယ့် သဘောပါ။ ၂ဝ၁၂ ခုနှစ်က ၈၈၄၈ မီတာမြင့်ရာမှ ယခုအခါမှာ ၈၈၄၈ ဒသမ ၈၆ မီတာအထိ လျင်မြန်စွာပဲမြင့်တက်လာတာကို အံ့သြဖွယ်တွေ့ရတာဖြစ်ပါတယ်။

အခုလို ဧဝရက်တောင်ထိပ် ရုတ်တရက်မြင့်တက်လာခြင်းဟာ ၂ဝ၁၅ ခုနှစ် ဧပြီလ၂၅ ရက်က ရစ်ခ်ျတာစကေး ၇ ဒသမ ၈ အဆင့်ရှိ အလွန်ပြင်းထန်တဲ့ နီပေါငလျင်ကြီးကြောင့်ဖြစ်တယ်လို့ ပညာရှင်များက ဆိုပါတယ်။ သည်ဖြစ်ရပ်ရဲ့အကျိုးဆက်အနေနဲ့ ဟိမဝန္တာတောင်တန်းနဲ့ တဆက်တည်းဖြစ်တဲ့ မြန်မာနိုင်ငံက ခါကာဘိုရာဇီတောင်နဲ့ ရိုးမတောင်တန်းများအပါအဝင် စစ်ကိုင်းပြတ်ရွေ့ကြောကြီးတို့ကိုလည်း ရိုက်ခတ်မှုအနည်းနှင့် အများရှိနိုင်တာသေချာသလောက်ရှိပါတယ်။

၂ဝ၁၈ ခုနှစ်အတွင်းက မြန်မာနိုင်ငံမှာလည်း မြေငလျင်များစွာလှုပ်ခဲ့တာကို ပြန်လည်သတိရသင့်ပါတယ်။ စာရေးသူမှတ်မိသလောက် သက်ဆိုင်ရာတာဝန်ရှိသူများက မြေငလျင်တိုင်းစက်အသစ်များ တပ်ဆင်လိုက်ခြင်းကြောင့် ယခင်က မှတ်တမ်းမတင်နိုင်တဲ့၊ အင်အားသေးငယ်တဲ့ ငလျင်များကိုပါ မှတ်တမ်းတင်နိုင်တဲ့အတွက် မြေငလျင်သတင်းများ ပိုမိုသိရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများအနေနဲ့ စိုးရိမ်ရန်မလိုကြောင်း ထုတ်ပြန်ကြေငြာခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံ စစ်ကိုင်းပြတ်ရွေ့ကြောကြီးဟာ မြေငလျင်လှုပ်အများဆုံးဖြစ်ပေါ်တဲ့ နေရာပဲဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသများ၊ ပုဂံဘုရားများ၊ နေပြည်တော်၊ ပဲခူး၊ ရန်ကုန်မြို့တို့ဟာ သည်ပြတ်ရွေ့ကြီးတစ်လျောက်မှာရှိနေတဲ့အတွက် အလွန်လူဦးရေများတဲ့မြို့များလည်း ပါဝင်နေပါတယ်။ ပုဂံဘုရားများဟာ နှစ်ပေါင်းများစွာ သက်တမ်းရှိတဲ့အတွက် ငလျင်ကြောင့် ပြိုကျခြင်းများကို ၁၉၇၅ ခုနှစ်က ထင်ထင်ရှားရှားတွေ့ခဲ့ရပြီးဖြစ်ပါတယ်။ သည်ထက်ပိုကြီးမားတဲ့ ပဲခူးငလျင်ကြောင့် ရွှေမောဓောစေတီတော်ကြီး ပြိုကျခဲ့ခြင်းကို ၁၉၃ဝ ခုနှစ်က ကြုံတွေ့ခဲ့ရဖူးပါတယ်။ မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံးငလျင်ကြီးအဖြစ် မှတ်တမ်းတင်ထားပါတယ်။ နိုင်ငံအတွင်းမှာ အခြားသောငလျင်ဖြစ်နိုင်တဲ့ ပြတ်ရွှေ့ငယ်များလည်းရှိပါသေးတယ်။

သဘာဝဘေးအန္တရာယ်အမျိုးအစားအားလုံးမှာ အင်အားပြင်းထန်ခြင်း၊ အလယ်အလတ်နှင့် အင်အားသေးငယ်တဲ့ ဘေးအဆင့်အတန်းအလိုက် တစ်ကြိမ်ဖြစ်ပြီး နောက်တစ်ကြိမ်ထပ်မံဖြစ်ပွားခြင်းကာလ (Frequency) ကို ယေဘုယျအားဖြင့် သတ်မှတ်ချက်များရှိကြောင်း သိရပါတယ်။ အင်အားကြီးရင် နှစ် ၁ဝဝ ဝန်းကျင်တစ်ကြိမ်၊ အလတ်စားများဟာ နှစ် ၅ဝ ဝန်းကျင်တစ်ကြိမ်နဲ့ အင်အားငယ်များဟာ ၄-၅ နှစ် တစ်ကြိမ် စသည်ဖြင့် ပြန်လည်ဖြစ်ပေါ်တက်တယ်လို့ ပညာရှင်များက လက်ခံထားကြပါတယ်။

ပဲခူးငလျင်ကြီးလှုပ်ခဲ့တာဟာ နှစ် ၉ဝ ကျော်ရှိခဲ့ပါပြီ။ မြန်မာနိုင်ငံသားများအနေနဲ့ အင်အားကြီးမားတဲ့ ငလျင်ကြီး ထပ်မံလှုပ်ခတ်လာမယ့် ဘေးအန္တရာယ်ကို ကြိုတင်သတိထားပြင်ဆင်ခြင်းများ ပြုလုပ်ထားသင့်တဲ့အချိန်ကိုရောက် ရှိနေပြီလို့ဆိုနိုင်ပါတယ်။ ရှေးယခင်နဲ့မတူတာကတော့ လူဦးရေတိုးတက်များပြားလာတဲ့အတွက် မြို့များမှာ၊ အထပ်မြင့်တိုက်များမှာ နေထိုင်သူတွေ တိုးပွားလာခြင်းဖြစ်ပါတယ်။ အထပ်မြင့်အများစုဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ယခင်က တစ်ထပ် နှစ်ထပ် ပျဉ်ထောင်အိမ်များသာရှိခဲ့လို့ ငလျင်ကြောင့် လူတွေအပေါ် ထိခိုက်မှုနည်းပါးခဲ့ပါတယ်။

ငလျင်လှုပ်မှုကြောင့် အိုမင်းသောအဆောက်အအုံများ၊ မြင့်သောတိုက်များ၊ စံချိန်မမီသော ဆောက်လုပ်ရေးပစ္စည်းများ အသုံးပြုထားသောတိုက်များဟာ အန္တရာယ်ရှိလာနိုင်ပါတယ်။ များသောအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံ၊ နိုင်ငံရေးမတည်ငြိမ်သောနိုင်ငံများမှာ တရားဥပဒေကြီးစိုးမှု အားနည်းတဲ့အတွက် ဝိသမစီးပွားရေးသမားများဟာ ကိုယ်ကျိုးကိုသာဦးစားပေးမှုကြောင့် ပေါ်ပေါက်လာတဲ့ အရည်အသွေးမမီသော၊ လူနေထိုင်ရန်မသင့်သော အဆောက်အအုံများကို ဥပဒေစည်းမျဉ်းများနဲ့အညီ အချိန်မီဖော်ထုတ်စစ်ဆေးကြပ်မတ် ဆောင်ရွက်သင့်တဲ့ အချိန်ကာလကို ရောက်ရှိနေပြီလို့လည်း ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်းကြောင့် လူပေါင်းတစ်သိန်းခွဲလောက် သေဆုံး၊ ပျောက်ဆုံးတာကိုလည်း ကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်။ နှစ်စဉ် မိုးသည်းထန်စွာရွာသွန်းချိန်မှာ မြစ်ရေကြီးခြင်း၊ တောင်ပြိုခြင်း၊ ရေလွှမ်းမိုးခြင်း၊ ကမ္ဘာ့ရာဂါကြီးများဖြစ်ပွားခြင်း စသည့်အနိဌာရုံများကို တွေ့ကြုံခဲ့ရပြီးဖြစ်ပါတယ်။ ဘူမိဗေဒပညာရှင်၊ ငလျင်ပညာရှင်များအဆိုအရ သဘာဝဘေးအမျိုးမျိုးမှာ ငလျင်ဟာ ကြောက်စရာအကောင်းဆုံးဘေးအန္တရာယ် (Scarier Hazard) ဖြစ်တယ်လို့ သတ်မှတ်ထားပြီးဖြစ်ပါတယ်။

ကမ္ဘာကျောက်ချပ်ကြီးများ အဆက်မပြတ်ရွှေ့ရှားနေခြင်းကြောင့် ဖြစ်ပေါ်နေတဲ့ သဘာဝပြတ်ရွေ့ကျောကြီး (Fault) ဟာ မြန်မာနိုင်ငံအလယ်တည့်တည့်မှ မြောက်မှတောင် တန်းလျက် ထင်ရှားစွာဖြစ်ပေါ်နေခြင်းကို အထူးသတိပြုဖို့လိုပါတယ်။ ကမ္ဘာပေါ်မှာ၂ဝ၂ဝ ပြည့်နှစ်မှာထင်ရှားတဲ့ နိုင်ငံရေး၊ လူမှုရေးအပြောင်းအလဲများနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြီးဖြစ်ခဲ့ပါတယ်။

လာမယ့်နှစ်များမှာ အခြားသော သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်လာနိုင်တဲ့ ဘေးဒုက္ခများ (Disasters) မှ သက်သာရာသက်သာကြောင်းဖြစ်စေမယ့် လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုများ (Preparedness) ကိုလည်း ခေတ်မီနည်းပညာများအသုံးပြုကာ အချိန်မီဆောင်ရွက်ကြဖို့ သတိပေးနှိုးဆော်လိုက်ရပါတယ်။

ကိုးကား – (၉-၁၂-၂ဝ၂ဝ)၊ နိုင်ငံတကာသတင်း၊ ကြေးမုံနေ့စဉ်သတင်းစာ။

Credit – ဒေါက်တာအေးမြင့် – ပါမောက္ခ(ငြိမ်း)