International News

သားကိုပေးတဲ့နာမည်ကြောင့် နှစ်ပေါင်း(၆၀)စာ ဒိုမီနိုပီဇာအခမဲ့စားခွင့်ရခဲ့တဲ့ မိသားစု

သားကိုပေးတဲ့နာမည်ကြောင့် နှစ်ပေါင်း(၆၀)စာ ဒိုမီနိုပီဇာအခမဲ့စားခွင့်ရခဲ့တဲ့ မိသားစု

သြဇီမိသားစုလေးတစ်စုဟာ နှစ်(၆၀)စာ ဒိုမီနိုပီဇာအခမဲ့စားခွင့် ရရှိခဲ့ကြောင်း သိရပါတယ်။ ဇနီးဖြစ်သူ Clementine Oldfield နဲ့ ခင်ပွန်းဖြစ်သူ Anthony Lot တို့ဟာ သားလေးကြောင့် ဒီလို ထင်မှတ်မထားတဲ့ အခွင့်ထူးကြီးကို ကံထူးခဲ့တာပါ။ ဖြစ်စဉ်အကျဉ်းမှာတော့ သူတို့မိသားစုဟာ သားဖြစ်သူ Dominic ကို ဒီဇင်ဘာ(၉)ရက်က အောင်မြင်စွာ မွေးနိုင်ခဲ့ပါတယ်။

သူတို့တစ်တွေဟာ သားဖြစ်သူကို ပေးလိုက်တဲ့နာမည်ကြောင့် Domino ပီဇာရဲ့ ပြိုင်ပွဲမှာ ကံထူးခဲ့တာပါ။ သားဖြစ်သူ Dominic ကို ဒီပြိုင်ပွဲစပြီး (၂)နာရီလောက်အကြာမှာ မွေးဖွားခဲ့တာပါ။ Domino ရဲ့ သတ်မှတ်ချက်အရ ပထမဆုံး ကလေးမိဘအဖြစ် ခံယူမယ့်သူတွေအနေနဲ့ သူတို့မွေးလာတဲ့ကလေးကို Dominic သို့မဟုတ် Dominique အမည် တရားဝင်ပေးရမှာပါ။

ဒီလို ပေးနိုင်တယ်ဆိုရင်တော့ အဲဒီမိသားစုအနေနဲ့ ဒေါ်လာ (၁၀၈၀၀) သို့မဟုတ် ပေါင်(၆၀၀၀)နဲ့ ညီမျှတဲ့ အနှစ်(၆၀)စာ ဒိုမီနိုပီဇာအခမဲ့စားခွင့် ရရှိမယ်လို့ ကြေညာခဲ့ပါတယ်။ ဒီအခွင့်အရေးကို ကံထူးခဲ့တဲ့မိသားစုဟာ Clementine  တို့သာ ဖြစ်ပြီး၊ သူတို့အနေနဲ့လည်း Domino က ဒီလို တကယ်ပေးလိမ့်မယ်လို့ ထင်ခဲ့ခြင်းမရှိကြောင်း

ဒါပေမယ့် တကယ်ဖြစ်လာတဲ့အတွက် အလွန်ဝမ်းသာမိကြောင်း ဆိုခဲ့ပါတယ်။ သားဖြစ်သူ Dominic ရဲ့နာမည်အပြည့်အစုံကတော့ Dominic Julian Lot ဖြစ်ပါတယ်။ Royal Prince Alfred Hospital မှာ အောင်မြင်စွာ မွေးခဲ့တာဖြစ်ပြီး၊ ကိုယ်အလေးချိန် (၃.၉)ကီလိုဂရမ် ရှိပါတယ်။ သူတို့ မိသားစုဟာ ဆစ်ဒနီမှာ နေထိုင်ကြပါတယ်။

ကလေးမမွေးခင်ကအထိ ဒီနာမည်ပေးဖို့ စိတ်ကူးမရခဲ့ဘဲ၊ သူငယ်ချင်းတွေ ဆွေမျိုးတွေက Domino ပီဇာက ဒီလိုပြိုင်ပွဲလေး လုပ်စရာရှိကြောင်း၊ ကလေးကို ဒီနာမည်ပေးဖို့ တိုက်တွန်းခဲ့ကြပါသတဲ့။ ဒီလိုနဲ့ မယုံတဝက် ယုံတဝက်ဖြင့် ကလေးနာမည်ကို ဆေးရုံဖောင်မှာ တရားဝင် ဖြည့်ပြီး၊ ယင်းဖောင်စာရွက်ကိုပဲ ပြိုင်ပွဲအတွက် ပေးပို့ခဲ့ပါတယ်။

အဲဒီနောက် (၃)ရက်အကြာမှာပဲ Domino တာဝန်ရှိသူက သူတို့ထံ ဖုန်းဆက်အကြောင်းကြားပါတယ်။ ပြိုင်ပွဲမှာ အနိုင်ရရှိကြောင်း၊ တစ်လလျှင် (၁၄)ဒေါ်လာတန်ဖိုးရှိ ပီဇာတွေကို အနှစ်(၆၀)စာ အခမဲ့စားခွင့် ချီးမြင့်မှာဖြစ်ကြောင်း အကြောင်းကြားခဲ့တာပါ။ သြစတေးလျနဲ့ နယူးဇီလန် Domino ရဲ့ CEO ဖြစ်သူ Nick Knight ကလည်း ဒီဆုဟာ သားလေးအတွက် ထူးခြားတဲ့ မွေးနေ့လက်ဆောင်လို့ ပြောခဲ့ပါတယ်။

လင်းဇော်ကို
Ref : Mirror
Credit : ဒသဂီရိ Entertainment