Local News

နောက်ဆုံးအချိန်ထိ ဦးဂျော်နီ သတင်းစာ ပို့နေဦးမည်

နောက်ဆုံးအချိန်ထိ ဦးဂျော်နီ သတင်းစာ ပို့နေဦးမည်

ဓာတ်ပုံ – ထက်ဝေ/ ဧရာ၀တီ

၇၉ နှစ်ဆိုတဲ့အသက်အရွယ်ဟာ လူတစ်ယောက်အတွက် လုပ်ငန်းခွင်က အနားယူပြီး သက်သောင့် သက်သာ ဘ၀ကို ဖြတ်သန်းရတော့မယ်အရွယ်လို့ အကြမ်းဖျင်း သတ်မှတ်ထားပါတယ်။ ဒါပေမယ့် အသက် ၇၉ နှစ်အထိ နေပူ မိုးရွာ မရှောင် စက်ဘီးတစ်စီးနဲ့ နေ့စဉ် သတင်းစာပို့နေဆဲ လူတစ်ယောက် ရှိပါတယ်။ သူကတော့ ဦးဂျော်နီပါ။

ဓာတ်ပုံ – ထက်ဝေ/ ဧရာ၀တီ

မော်လမြိုင်သား ဦးဂျော်နီတစ်ယောက် ရန်ကုန်ကို အသက် ၁၅ နှစ်အရွယ် ၁၉၅၇ ခုနှစ်ကတည်းက ရောက်ပါတယ်။ မိဘကို လုပ်ကျွေးဖို့ အလုပ်ရှာမယ်ဆိုတဲ့ စိတ်နဲ့ပါ။ ဘုန်းကြီးကျောင်းသားဖြစ်တဲ့ ဦးဂျော်နီဟာ ရန်ကုန်ရောက်တော့ ဘာလုပ်ရမှန်းမသိဖြစ်နေချိန် ကံကောင်းစွာနဲ့ ၃၅ လမ်းက ဖိနပ်ဆိုင်တစ်ခုမှာ အလုပ်ရပါတယ်။ တစ်နှစ်ကြာတော့ အပိုဝင်ငွေရအောင် မနက်အစောပိုင်းတွေမှာ သတင်းစာစပို့ရင်း အခုလို သက်တော်ရှည် သတင်းစာပို့သူ တစ်ယောက် ဖြစ်လာခဲ့တာပါ။

ဓာတ်ပုံ – ထက်ဝေ/ ဧရာ၀တီ

ငယ်စဉ် ဘုန်းကြီးကျောင်းမှာတုန်းက ဆရာတော်ရဲ့ ကျေးဇူးကြောင့် သတင်းစာနဲ့ ရင်းနှီးခွင့်ရခဲ့တဲ့ ဦးဂျော်နီဟာ သတင်းတွေရဲ့ တန်ဖိုး၊ သတင်းစာတွေရဲ့ ကျေးဇူးကြီးပုံ ဒါတွေကို ဆရာတော် မကြာခဏ ပြောလေ့ရှိလို့ နားစွဲပြီး သတင်းစာတွေကို ခုထိ မစွန့်လွှတ်နိုင်ဖြစ်နေတာလို့ ဆိုပါတယ်။ သတင်းစာတွေကို သူ ချစ်တယ်။ သတင်းစာ ပို့နေရတာဟာ ကုသိုလ်အလုပ်တစ်ခု လုပ်နေရတာလို့ သူက ခံယူပါတယ်။

ဓာတ်ပုံ – ထက်ဝေ/ ဧရာ၀တီ

ဦးဂျော်နီဟာ ကျောက်တံတားမြို့နယ်ထဲမှာ မနက်ဆိုရင် သတင်းစာ ပို့ဖို့ ရောက်နေပါပြီ။ သူ ငှားရမ်းနေထိုင်ရာ သာကေတမှာရှိတဲ့ အိမ်ကနေ မနက် ၄ နာရီဆို ထွက်လာလေ့ရှိတဲ့ ဦးဂျော်နီဟာ ၄၆ လမ်းမှာ ပို့ရမယ့်သတင်းစာတွေကို ယူ၊ မိတ်ဆွေတွေနဲ့ စကားပြောရင်း နံနက် ၇ နာရီထိုးတာနဲ့ သူတာဝန်ယူထားတဲ့ ကျောက်တံတားမြို့နယ်အတွက် သတင်းစာ စပို့လေ့ ရှိပါတယ်။

ဓာတ်ပုံ – ထက်ဝေ/ ဧရာ၀တီ

သတင်းစာပို့သက် နှစ် ၆၀ ကျော်အတွင်း သတင်းစာပို့ရင်း ၂ ကြိမ် ကား တိုက်ခံထားရတာကြောင့် ပေါင်နှစ်ဖက်စလုံးကို စတီးရိုးထည့်ထားရတဲ့ ဦးဂျော်နီဟာ မြန်မာ့အလင်း၊ ကြေးမုံနဲ့ ပုဂ္ဂလိကသတင်းစာ အချို့ပါတဲ့ စက်ဘီးကို မနင်းနိုင်ဘဲ တွန်းသွားရလေ့ ရှိပါတယ်။

ဓာတ်ပုံ – ထက်ဝေ/ ဧရာ၀တီ

တစ်လမ်းဝင် တစ်လမ်းထွက်ရင်း ကားတွေကို သတိထားသွားလာနေရတဲ့ ဦးဂျော်နီအဖို့ ပိုပြီးအခက်အခဲဖြစ်စေတာက သူ့ ညာဘက်မျက်လုံးပါ။ တိမ်ကြောင့် လုံး၀ မမြင်ရတော့တဲ့ ညာဘက်မျက်လုံးဟာ သတင်းစာပို့ချိန်မှာ အန္တရာယ်ကင်းအောင် ဘယ်ဘက်တစ်လုံးတည်းကိုပဲ အားကိုးနေရတာကြောင့် သူ့အတွက် အတော်လေး ကသီလင်တ နိုင်ပါတယ်။

ဓာတ်ပုံ – ထက်ဝေ/ ဧရာ၀တီ

သတင်းစာတစ်စောင် ၁၅ ပြားနဲ့ ယူ ၂၅ ပြားနဲ့ ရောင်းတဲ့ ခေတ်ကတည်းက သတင်းစာပို့တဲ့အလုပ်ကို နှစ် ၆၀ ကျော် စွဲစွဲမြဲမြဲလုပ်လာပေမယ့် ဒီနေ့ ဦးဂျော်နီရဲ့ ဝင်ငွေဟာ တစ်လကို တစ်သိန်းကျော်ပဲ ရှိပါတယ်။ ဇနီးနဲ့ သားတစ်ယောက်ရှိပေမယ့် သူတို့က မှော်ဘီမှာနေကြတယ်။ မိသားစုအတွက် ဝန်ထုတ်ဝန်ပိုး မဖြစ်စေချင်တာကြောင့် သူက သာကေတမှာ တစ်လ ၃ သောင်းနဲ့ သီးခြား အခန်းငှားပြီီီး နေတယ်လို့ ဦးဂျော်နီက ဆိုပါတယ်။

ဓာတ်ပုံ – ထက်ဝေ/ ဧရာ၀တီ

၂၀၂၀ နှစ်ဦးပိုင်းမှာ လေဖြန်းလို့ ဆေးရုံလည်း တက်ခဲ့ရသလို ကျန်းမာရေး ချို့ယွင်းချက်တွေ ရှိနေပေမယ့် သတင်းစာထဲမှာ ဝမ်းသာစရာသတင်းကောင်းတွေပါလာလို့ သတင်းစာဖတ်သူတွေဝမ်းသာသွားကြရင် သူလည်း စိတ်ချမ်းသာရပြီး ကုသိုလ်လည်း ရတယ်လို့့ ခံယူထားတာကြောင့် သတင်းစာပို့တဲ့အလုပ်ကို သေတဲ့အထိ လုပ်သွားမယ်လို့ ဦးဂျော်နီက ဆိုပါတယ်။

ဓာတ်ပုံ – ထက်ဝေ/ ဧရာ၀တီ

ဓာတ်ပုံ – ထက်ဝေ/ ဧရာ၀တီ
Credit : ဧရာ၀တီ၊ ဒီဇင်ဘာ၂၁၊ ၂၀၂၀